မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံစီမံကိန်းဧရိယာမှာ ဧပြီ ၆ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့အဖွဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနဲ့ အဖွဲ့တို့ဟာ ကော့ပရံကျေးရွာရှိ နိုင်ငံတကာအပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်မယ့် စီမံကိန်းဧရိယာအတွင်း ယာယီ ရှင်းလင်းဆောင်ကို ရောက်ရှိနေချိန်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သူတွေဆီကနေ သိရပါတယ်။
ဗိုလ်ချုပ်ကြီး မြထွန်းဦးလာမယ်ဆိုပြီး ကြိုတင်သတင်းရထားတာကြောင့် မုဒုံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာလို့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တာဝန်ရှိသူတယောက်က ပြောပါတယ်။
"မုဒုံ လေဆိပ်သစ်စီမံကိန်းကို မြတ်ထွန်းဦးလာမယ် သိထားရတာ၊ ရတခ တိုင်းမှူးပါ ပါမယ်ဆိုတာနဲ့၊ ဒီကောင်က ရတခရောက်ပြီး ရက်ပိုင်းတွင်းပဲ ဓမ္မသကို မီးရှို့ခဲ့တာဗျ။ အဲဒါကြောင့် လက်တုံ့ပြန်တာ။ လက်စားချေတာမဟုတ်ပေမယ့် တရားမျှတမှုတခု ရနိုင်ဖို့အတွက် ကျနော်တို့နဲ့ မုဒုံပကဖ သေချာစီစဉ်ပြီး လုပ်ဆောင်ခဲ့တာပါ။ ၁၀ နာရီ ၂၉ မိနစ်မှာ သူတို့ရှိနိုင်မယ့်နေရာကို ဗုံးသီးတလုံး ချခဲ့ပါတယ်။ ထိခိုက်မှုကတော့ Alphard ကားအဖြူတစီး ကြေသွားတာတော့ သိရပေမဲ့ တခြားထိခိုက်မှုတွေတော့ သေချာမသိရသေးပါဘူး။"
မွန်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးအဆင့် ပထမအဆုံးအကြိမ် တိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကော့ပရံရွာမှာ တည်ဆောက်နေတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ဆိပ်ကမ်း စီမံကိန်းကို ၂၀၂၂ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး အကွက်ချမြေနေရာ တိုင်းတာတာတွေ မြေညှိတာတွေ ပြီးစီးနေပြီလို့ သိရပါတယ်။