ကျောင်းပိတ်ချိန်ဖြစ်ပေမယ့် ညွှန်ကြားချက်ကိုမလိုက်နာပဲ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းအချို့ဟာ လာမယ့် စာသင်နှစ်အတွက် ကျောင်းတွေကြိုဖွင့်ပြီး စာသင်တာတွေပြုလုပ်နေတယ်လို့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းထားတဲ့ မိဘတွေဆီက သိရပါတယ်။
NLD အစိုးရလက်ထက်ကတည်း ကိုယ်ပိုင်ကျောင်းတွေအနေနဲ့ အခြေခံပညာကျောင်းတွေ မဖွင့်လှစ်ခင်အချိန်မှာ ကျောင်းကြိုတင်ဖွင့်လှစ်တာတွေမလုပ်ဖို့ ညွှန်ကြားထားတာကို ဒီနေ့အထိ မပယ်ဖျက်ရသေးပေမဲ့ အခုနှစ်မှာတော့ ပုဂ္ဂလိကကျောင်းအချို့ဟာ ကြိုတင်ကျောင်းအပ် လက်ခံပြီး စာသင်တာတွေ ပြုလုပ်နေတယ်လို့ ကျောင်းသားမိဘတွေကပြောပါတယ်။
“စာမေးပွဲပြီးကတည်းက လာမယ့်နှစ်ကိုတက်မယ်ဆိုရင် အခုကတည်းက ကျောင်းအပ်ပါ၊ ကြိုတင်လေ့ကျင့်မှုတွေ ရှိတဲ့အတွက် ကျောင်းတက်ရမယ့်အချိန် ကျောင်းလာတက်ပေးပါဆိုတာမျိုးတွေ လုပ်နေကြတာ။ ကလေးက နွေရာသီနားချင်တာပေါ့။ အခုချိန်ထိ ဘယ်နေ့ကျောင်းတက်ရမယ်၊ ဘယ်နေ့မှာ ဘာပြိုင်ပွဲရှိတယ် ကြိုပြင်ပြီး လာပြိုင်ပါဆိုတာမျိုးတွေ လုပ်နေကြတာ။ မထားဘဲ ကျောင်းအပ်ချိန်မှ လာအပ်မယ်ဆိုရင်တော့ လူပြည့်ရင် အခြားကျောင်းပြောင်းထားပါဆိုတာမျိုးတွေနဲ့ ခြိမ်းခြောက်တာ” လို့ မဂ်လာဒုံမြို့နယ်က ကျောင်းသားမိဘတဦးက ပြောပါတယ်။
ပုဂ္ဂလိက ကိုယ်ပိုင်းကျောင်းတွေအနေနဲ့ ကျောင်းအပ်ရာသီမတိုင်ခင်အထိ ကြိုတင်ကျောင်း အပ်လက်ခံတာနဲ့ ကျောင်းကို ကြိုတင်ဖွင့်လှစ်သင်ကြားတာတွေ မလုပ်ဖို့အတွက် NLD အစိုးရလက်ထက်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး မလိုက်နာတဲ့ကျောင်းတွေကို စစ်ဆေးအရေးယူတာတွေ ပြုလုပ်ခဲ့ပေမဲ့ အခုအခါမှာတော့ ပုဂ္ဂလိကကျောင်းတွေဟာ ပေါ်ပေါ်ထင်ထင် ညွှန်ကြားချက်မလိုက်နာတာတွေကို ပြုလုပ်လာတယ်လို့ ကျောင်းသားမိဘတွေက ဝေဖန်နေကြပါတယ်။
“အဲ့ဒီလို ဖွင့်နေတာက မြို့နယ်ပညာရေးမှူးရုံးနဲ့ အဓိကသက်ဆိုင်တယ်။ မကျေနပ်လို့ လာတိုင်တာမျိုးဆိုရင် မြို့နယ်ပညာရေးမှူးရုံးက စိစစ်ပြီး ခရိုင်၊ တိုင်း၊ နေပြည်တော်အထိတင်ပြီး ကျောင်းကို ယာယီ ဒါမှမဟုတ် နှစ်အကန့်အသတ်နဲ့ ပိတ်ခိုင်းရတာမျိုး လုပ်ရတာ။ အခုလို ကျောင်းတွေ ကြိုဖွင့်နိုင်တာကလည်း ပုဂ္ဂလိကကျောင်းတွေက မြို့နယ်ပညာရေးမှူးကို ပေးထားတာကြောင့် လုပ်ရဲတာ” လို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။
ကျောင်းကြိုတင်ဖွင့်လှစ်ပြီး စာကြိုသင်တာကို မြို့နယ်ပညာရေးမှူးရုံးကို တိုင်ကြားလို့မရပါက တိုင်းနဲ့ ပြည်နယ်ပညာရေးမှူးရုံးတွေထံ အထောက်အထားအပြည့်အစုံနဲ့ လိပ်မူပြီး တိုင်ကြားနိုင်တယ်လို့ အဆိုပါတာဝန်ရှိသူက အသိပေးထားပါသေးတယ်။
ဒါ့အပြင် ပုဂ္ဂလိကကျောင်းတွေကို တိုင်ကြားချင်တယ်ဆိုရင်လည်း မြန်မာနိုင်ငံ ပုဂ္ဂလိကျောင်းများ အသင်းထံကိုလည်း တိုက်ရိုက်တိုင်ကြားနိုင်ပြီး အဆိုပါအသင်းက အရေးယူဆောင်ရွက်မှု မရှိရင်လည်း တိုင်းနဲ့ပြည်နယ်ပညာရေးမှူးရုံးတွေထံကို အရေးယူဆောင်ရွက်မှုမရှိတဲ့ အကြောင်းတွေကိုလည်း ထည့်သွင်းတိုင်ကြားနိုင်တယ်လို့ သိရပါတယ်။