ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတဲ့အတွက် ဒေသခံပြည်သူ ၅၀၀ ကျော် အရေးပေါ်တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေတယ်လို့ ကန်ပက်လက်ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၄ ရက်နေ့ ညနေပိုင်းကစလို့ ကန်ပက်လက်မြို့နယ်ထဲက ခုတ်ရွာ၊ ဖျန်ချောင်းရွာ၊ မဆာတွီရွာတို့က ဒေသခံ ၅၀၀ ကျော်ဟာ စလင်းချောင်းတဖက်ကမ်းက ကျေးရွာတွေဘက်ကိုတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
ဖျန်ချောင်းရွာကို ဧပြီ ၄ ရက်နေ့နဲ့ ၅ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဧပြီ ၅ ရက်နေ့ မနက်အစောပိုင်းမှာလည်း စစ်ကောင်စီတပ်သားတွေက ရွာကိုမီးရှို့ခဲ့တယ်လို့ သိရပါတယ်။
ကန်ပက်လက်က စစ်ဘေးရှောင်အကူအညီပေးနေသူက “ရွာသားတွေ ချောင်းတဖက်ကမ်းရွာကို ဘေးကင်းစွာ ၄ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင်မှာရောက်ရှိကြပါပြီ။ ဖျန်ချောင်းကိုလည်း ၅ ရက်နေ့ မနက်ထပ်ရှို့တဲ့သဘောမြင်ရတယ်။ ဒါပေမယ့် ဘယ်သူ့အိမ်လဲ၊ အိမ်ခြေဘယ်လောက်လဲ ဆိုတာ မသိနိုင်သေးဘူးနော်။ လောလောဆယ် အဲရွာက ကြိုးစားကျွေးမွေး နေရတာ။ ရေရှည်တော့ မလွယ်လောက်ဘူး၊ လောလောဆယ် ဖိနပ်နဲ့ စားနပ်ရိက္ခာတွေ လိုနေတယ်” လို့ ပြောပါတယ်။
ဒီနေ့ ဧပြီ ၆ ရက်နေ့ မနက်ပိုင်းမှာလည်း ဖျန်ချောင်းရွာအနီးမှာ စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့မှာ နိုဝင်ဘာ ၂၂ ရက်နေ့ကတည်းက ကျင်ဒွေးမြို့သိမ်း တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ကောင်စီက ကန်ပက်လက်မြို့နယ်ကို နေ့စဉ်လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။