Home
မြန်မာသတင်း
ပြီးခဲ့သည့်လအတွင်း ဧရာဝတီတိုင်းတွင် လုယက်ဓားပြတိုက်မှု အကြိမ် ၃၀ ကျော်ဖြစ်ပွား
DVB
·
April 6, 2024
crime 642024

ဧရာဝတီတိုင်းထဲမှာ ပြီးခဲ့တဲ့ မတ်လအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်း၊ ခိုးယူတဲ့ ဖြစ်စဉ် အကြိမ် ၃၀ ထက် မနည်းဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေကို စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့က ဖမ်းမမိခဲ့ဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁ ရက်ကနေ ၃၁ ရက်အထိ ၁ လတာကာလအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်း ခိုးယူတဲ့ ဖြစ်စဉ် ၃၂ ကြိမ်အထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ကင်းလှည့်တာတွေ ဆက်တိုက်လုပ်နေပေမယ့် ကျူးလွန်သူတွေကို ဖမ်းမိတာမရှိဘူးလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ 

“တိုင်းအတွင်း လုယက်၊ ဓားပြတိုက်၊ ခိုးယူတဲ့ဖြစ်စဉ်တွေက တရက်ထက်တရက် ပိုအဖြစ်များ လာတယ်။ သက်ဆိုင်ရာ စစ်ကောင်စီတပ်နဲ့ရဲတွေက ဖမ်းဆီးရှာဖွေရေး လုပ်ငန်းတွေကိုလုပ်တော့ လုပ်တာပဲ။ ကျူးလွန်သူတွေကို တယောက်တောင် ဖမ်းမိတာ မတွေ့ရဘူး။ ကင်း လှည့်တော့လည်း လှည့်တာပဲရှိတာ။ စစ်ကောင်စီတပ်နဲ့ ရဲတွေက အချိန်ပြည့်အရက်မူးနေတာတွေ့ရတယ်။ တရားဥပဒေစိုးမိုးရေး လုပ်ငန်းဘာတခုမှ ကောင်းကောင်းမလုပ်နိုင်ဘူး။ မူးနေတာနဲ့ အချိန်ကုန်။ ဖမ်းတော့လည်း နိုင်ငံရေးသမားတွေချည်းပဲ” လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ လအတွင်း ဝါးခယ်မ၊ ပုသိမ်၊ ဘိုကလေး၊ မအူပင်၊ ဟင်္သာတ၊ ကျောင်းကုန်း၊ မြောင်းမြ၊ လပွတ္တာ၊ ပန်းတနော် စတဲ့မြို့နယ်တွေမှာ လုယက်ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူတဲ့ ဖြစ်စဉ် အများဆုံးဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ 

မအူပင်မြို့ခံ အမျိုးသမီးတယောက်က “အိမ်ရှေ့ထားတဲ့ ကလေးစီး စက်ဘီးတောင်မခံနိုင်ဘူး။ အခိုးခံရတာ။ ပြီးခဲ့တဲ့ ၂၉ ရက်က အခိုးရတာ။ ရပ်ကွက်ထဲက အခြား အိမ်တွေလည်း နေလှန်းထားတဲ့ အဝတ်အထည်တွေပါပျောက် နေတာ။ အရင်က အခုလိုဖြစ်စဉ်တွေဖြစ်တာရှိတယ်။ အခုလောက်တော့ အခြေအနေမဆိုးပါဘူး။ ပြောရရင်ငတ်တဲ့သူတွေများလာပြီး အလောင်းကစားတွေ ပေါလာတာနဲ့ စီးပွားရေးတွေကျပ်တည်းလာပြီး အလုပ်အကိုင်တွေရှားပါးလာတော့ အခုလို ဖြစ်လာတာလို့ ပြောနိုင်တယ်” လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၉ ရက်အထိ ၁ လတာကာလအတွင်း လုယက်၊ ဖောက်ထွင်း၊ ခိုးယူ လုယက် ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ် ၂၇ ကြိမ်အထိပဲ ဖြစ်ပွားခဲ့တာကြောင့် မတ်လအတွင်းမှာ ၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013