ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ မယ်ပကျေးရွာ၊ ရပ်ကွက် ၁၀ မှာ လက်နက်တချို့ကို ထိုင်းစစ်တပ်နဲ့ ဌာနဆိုင်ရာ အဖွဲ့စုံက ဖမ်းဆီးရမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က မဲဆောက်မြို့ရဲစခန်းမှာ ဧပြီ ၅ ရက် နေ့လယ်က သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ လက်နက်တွေကတော့ 47 AK သေနတ်နှစ်လက်၊ 9 mm မောင်းပြန်သေနတ် တလက်နဲ့ ကျည်ဆန်တချို့ကိုလည်း သိမ်းဆည်းရမိသလို အိမ်ပိုင်ရှင် နိုင်းစုံစ အသက် ၃၅ နှစ်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံဥပဒေအတိုင်း တရားစွဲ အရေးယူသွားမယ်လို့ ဆိုပါတယ်။
လာမယ့် သင်္ကြန်ကာလမှာ မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုတွေကို ရှင်းလင်း ဆောင်ရွက်သွားမယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ လက်နက်တွေဟာ မြန်မာဘက်နဲ့ ပတ်သက်မှုရှိမရှိ သတင်းထောက်က မေးမြန်းရာမှာ မြန်မာနယ်စပ်မှာ စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်ပွားနေလို့ လက်နက်တွေ မထိန်းသိမ်းနိုင်တဲ့ အခြေအနေမှာ ရှိနေပြီး ထိုင်းနိုင်ငံဘက်ကိုလည်း ရောက်ရှိလာနိုင်တယ်လို့ ဖြေဆိုသွားပါတယ်။