လနဲ့ တခြားဂြိုဟ်တွေအတွက် စံတော်ချိန်သတ်မှတ်ဖို့ အမေရိကန် အမျိုးသားအာကာသ အေဂျင်စီ (NASA) ကို အိမ်ဖြူတော်က ညွှန်ကြားလိုက်ပါတယ်။
လကမ္ဘာစူးစမ်းလေ့လာရေးနယ်ပယ်မှာ နိုင်ငံတွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေ အပြိုင်ဖြစ်လာတဲ့ အချိန်မှာ နိုင်ငံတကာလက်ခံနိုင်တဲ့ စံချိန်စံညွှန်းတွေ သတ်မှတ်ဖို့ အမေရိကန်က ကြိုးစားလာတာ ဖြစ်ပါတယ်။
၂၀၂၆ နောက်ဆုံးထားပြီး ပေါင်းစပ်ညှိနှိုင်းထားတဲ့ လစံတော်ချိန် (LTC) သတ်မှတ်ပေးဖို့ အိမ်ဖြူတော် သိပ္ပံနဲ့နည်းပညာမူဝါဒရုံး (OSTP) ကနေ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဆွဲငင်အားမတူတာနဲ့ တခြားအချက်တွေကြောင့် လနဲ့ တခြားဂြိုဟ်တွေပေါ်မှာ အချိန်ပြောင်းလဲမှုဟာ ကမ္ဘာမြေမှာနဲ့ နှိုင်းယှဉ်ရင် ကွဲပြားနေတာ ဖြစ်ပါတယ်။
ကမ္ဘာမြေအခြေစိုက် နာရီကို လပေါ်မှာ လူတဦးကသုံးရင် ကမ္ဘာမြေနေ့ရက်တရက်ကို ၅၈ ဒသမ ၇ မိုက်ခရိုက်စက္ကန့် ဆုံးရှုံးမှုရှိတယ်လို့ ဆိုပါတယ်။
လစံတော်ချိန် သတ်သတ်မှတ်မှတ်မရှိရင် အချက်အလက်တွေ ပေါင်းစပ်ရာမှာ ကမ္ဘာ၊ လဂြိုဟ်တုတွေ၊ အခြေစိုက်စခန်းတွေနဲ့ အာကာသယာဉ်မှူးတွေ ဆက်သွယ်ရေး ဟန်ချက်ညီအောင် ကိုက်ညှိရာမှာ အများကြီး အခက်အခဲ ရှိနိုင်တယ်လို့ OSTP ရုံးက သုံးသပ်ပါတယ်။
ကမ္ဘာပေါ်မှာကျတော့ နာရီတွေ အချိန်ဇုန်တွေဟာ ပေါင်းစပ်ညှိနှိုင်းထားတဲ့ ယူနီဗာဆယ်စံတော်ချိန် (UTC) အပေါ် အခြေခံထားတာပါ။
နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ စံတော်ချိန်ဟာ ကမ္ဘာတလွှားမှာ တပ်ဆင်ထားတဲ့ အက်တမ်မစ် နာရီကွန်ရက်တွေကို အမှီပြုထားတာ ဖြစ်ပါတယ်။
လမျက်နှာပြင်ပေါ်မှာလည်း အက်တမ်မစ်နာရီတွေ တပ်ဆင်ဖို့ လိုကောင်းလိုနိုင်မယ်လို့ OSTP က သုံးသပ်ထားပါတယ်။
Source/Photo-Reuters