Home
နိုင်ငံတကာ
အစ္စရေးထောက်လှမ်းရေးအတွက် အလုပ်လုပ်သူ ၂ ဦးကို တူရကီ ဖမ်းဆီး
DVB
·
April 5, 2024
Turkey_05042024

အစ္စရေးထောက်လှမ်းရေးအတွက် အလုပ်လုပ်တယ်လို့ ယူဆရတဲ့ လူနှစ်ဦးကို တူရကီ အာဏာပိုင်တွေက တရားဝင် ဖမ်းဆီးထားကြောင်း ပြည်ထဲရေးဝန်ကြီး အလီ ယာလီကာယာ က ဧပြီ ၅ ရက်မှာ ပြောကြားခဲ့ပြီး သံသယရှိသူတွေရဲ့ ဗီဒီယိုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

တူရကီရှိ သူတို့ပစ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းပြီး မော့ဆက်ကို ရောင်းချတယ်လို့ ယူဆရတဲ့ လူရှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း ယာလီကာယာက ဆိုရှယ်မီဒီယာပလက်ဖောင်း X မှာ ပို့စ်တင် ပြောကြားခဲ့ပါတယ်။

သူတို့ထဲက နှစ်ဦးကို ဖမ်းဆီးထားပြီး တခြားခေြာက်ဦးကိုတော့ ခံဝန်နဲ့ ပြန်လွှတ်လိုက်ကြောင်းလည်း သူကဆိုပါတယ်။

ဇန်နဝါရီလကတည်းက တူရကီအာဏာပိုင်တွေဟာ အစ္စရေးရဲ့ မော့ဆက် ထောက်လှမ်းရေးအေဂျင်စီနဲ့ ဆက်နွှယ်တယ်လို့ သံသယရှိသူ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်း ချုပ်နှောင်တာတွေ ပြုလုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့လကလည်း မော့ဆက်အတွက် သူလျှိုလုပ်မှုနဲ့ လူခြောက်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အစ္စတန်ဘူလ်မှာ လုပ်ဆောင်ခဲ့တဲ့ စီးနင်းမှုဟာ တူရကီ လျှို့ဝှက်စုံထောက်တဦးနဲ့ သူ့ဇနီးတို့ကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး အဲဒီစုံတွဲဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း မော့ဆက်နဲ့ ပတ်သက်တယ်လို့ ယူဆရကြောင်း တူရကီ လုံခြုံရေးအရာရှိတဦးက ပြောကြားခဲ့ပါတယ်။

အာမက် အာဆင် တွမ်မူကာလီ အမည်ရှိ စုံထောက်ဟာ ဩစတြီးယား၊ ဆွစ်ဇာလန်နဲ့ ဂျာမနီ နိုင်ငံတွေမှာ မော့ဆက်အဖွဲ့ဝင်တွေနဲ့ အရင်က တွေ့ဆုံခဲ့ဖူးပြီး သူတို့နဲ့ အဆက်အသွယ် မပြတ်စေဖို့ သီးသန့် လျှို့ဝှက် ဆက်သွယ်ရေးလမ်းကြောင်းတွေကို အသုံးပြုခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

တွမ်မူကာလီဟာ ဒီကိစ္စကနေ သိသာထင်ရှားတဲ့ ဝင်ငွေကို ရခဲ့ပြီး လူကိုးဦးရှိတဲ့ ကွန်ရက်ကို ဖွဲ့စည်းခဲ့ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။ ကွန်ရက်အဖွဲ့ဝင်တွေက ဝန်ခံခဲ့ပြီး တွမ်မူကာလီနဲ့ သူ့ဇနီးတို့ကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ အစ္စရေးဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ချက်ချင်း မှတ်ချက်မပေးခဲ့ပါဘူး။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013