Home
မြန်မာသတင်း
မကွေးတွင် ကား ၂ စီးတိုက်မိပြီး လူ ၇ ဦးဒဏ်ရာရ
DVB
·
April 5, 2024
MagweCarAccident_05042024

မကွေးတိုင်း၊ မကွေးမြို့၊ အထက ၁ လမ်းနဲ့ သုခိတာလမ်းဆုံ၊ ကမ္ဘောဇဘဏ်အနီးမှာ ဧပြီ ၅ ရက် မနက်အစောပိုင်း ၁၂ နာရီ ၄၅ မိနစ်လောက်က ကားနှစ်စီးတိုက်မိပြီး လူခုနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံအရပ်ဘက်အသင်းတွေက ပြောပါတယ်။

မကွေးအားကစားကွင်းဘက်ကို အထက ၁ လမ်းအတိုင်း မောင်းနှင်လာတဲ့ တိုယိုတာ ဟိုင်းအေ့စ် ခရီးသည်တင်ကား အနောက်ပိုင်းကို လမ်းဆုံအရောက်မှာ ပရိုဘောက် အိမ်စီးကားက ဝင်တိုက်မိတာလို့ ဆိုပါတယ်။

မြို့ခံလူမှုကူညီရေးအသင်းဝင်တဦးက “ခရီးသည်တင်ကားက ဆင်ဖုံဝဲဘက်ကနေ မကွေးဆေးရုံကို ညပိုင်းကြီး လူနာတဦးကို လိုက်ပို့တာ။ ဒဏ်ရာရတာက အိမ်စီးကားက နှစ်ဦး၊ ခရီးသည်ကားကပဲ လူငါးဦး ဒဏ်ရာရတယ်။ နဖူး ခေါင်းကွဲ ခြေထောက်ပွန်းပဲ့ ဒဏ်ရာတွေ။ အသက် ၇၃ နှစ် အဘွားတဦးတော့ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ကားမှာ တုံးလုံးလဲသွားပြီး အိမ်စီးကားက လမ်းဘေးမြောင်းပေါ် ထိုးကျသွားပါတယ်။

ယာဉ်တိုက်မှုအတွင်း အသက် ၇၃ နှစ်အရွယ် အမျိုးသမီးတဦး စိုးရိမ်ရဒဏ်ရာ၊ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးသုံးဦးမှာ နဖူးနဲ့ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိကာ အမျိုးသားသုံးဦးမှာ ခေါင်းပေါက်၊ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ပြီး အရပ်ဘက် အသင်းယာဉ်တွေနဲ့ မကွေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။

ဓာတ်ပုံ-လူမှုကူညီရေးအသင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013