မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန် ၁ လမ်းနဲ့ ရန်ကုန်-မန္တလေး လမ်းထောင့်မှာရှိတဲ့ မဟာအောင်မြေ လဝကရုံးမှာ ဧပြီ ၅ ရက် နေ့လယ် ၁၂ နာရီခွဲက ဗုံးပေါက်ခဲ့တာကြောင့် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပြီး ခုနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့ နေ့လယ် ၁၂ နာရီခွဲက လဝကဦးစီးမှူးရုံးကို ဆိုင်ကယ်တစီးပေါ်မှ လက်လုပ်မိုင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရုံးအတွင်း ပေါက်ကွဲခဲ့ပြီး အမျိုးသားတဦး၊ အမျိုးသမီးတဦး သေဆုံးကာ အမျိုးသားငါးဦးနဲ့ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သေတာက အရပ်သားတွေ၊ ဒဏ်ရာရတဲ့အထဲမှာ လဝကဝန်ထမ်းတွေလည်း ပါတယ်။ စစ်တပ်က ဆေးရုံပို့ဖို့ လုပ်နေတယ်။”
မှတ်ပုံတင်လာလုပ်တဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်နှစ်ဦး သေဆုံးသွားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“လဝကရုံးက ဒုလဝကမှူးရယ်၊ ဝန်ထမ်းနှစ်ယောက် ဒဏ်ရာရတယ်။ မှတ်ပုံတင်လာလုပ်တဲ့သူ ခြောက်ယောက်ထဲမှာ နှစ်ယောက်က နေရာမှာတင် ပွဲချင်းပြီးသေတယ်၊ နှစ်ယောက်စလုံးက အသက် ၂၀ ကျော်လေးတွေ။”
ဒဏ်ရာရသူတွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ပြည်ကြီးတံခွန်မြို့နယ်ဆေးရုံကို ပို့ဆောင်ပြီး မြို့ပေါ်မှာ ဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။