Home
မြန်မာသတင်း
သင်္ကန်းညီနောင် ဗျူဟာကို KNLA သိမ်းပိုက်၊ စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်နေ
DVB
·
April 5, 2024
att 542024

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင် ဗျူဟာကုန်းကို ဧပြီ ၅ ရက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းစစ်ကြောင်းတွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။

မတ် ၈ ရက် ညနေ ၆ နာရီလောက်က ခမရ ၃၅၅ တပ်ရင်း၊ အနီးဝန်းကျင်က ခံစစ်စခန်းကုန်းတွေနဲ့ သင်္ကန်းညီ​နောင်ရဲစခန်းကို KNLA ပူးပေါင်းစစ်ကြောင်းတွေက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးနောက် ကျန်​ရှိနေ​သေးတဲ့ တပ်ရင်းဌာနချုပ်​တွေကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက “သတင်းတွေထွက်နေတဲ့ အတိုင်းပဲ။ အခုက ရှင်းလင်းရေးလုပ်နေတယ်။ လေယာဉ်က တောက်လျှောက်ပစ်နေတယ်” လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက Y 12 လေယာဉ်နဲ့ လေကြောင်းကနေ မှားယွင်းပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးတဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးသူတွေရှိပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူ များပြားကာ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝှေ့ရှမ်းဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ရှောင်ရောက်ရှိနေတဲ့ စစ်ရှောင်ပြည်သူတွေ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဆိုပါတယ်။

အလားတူ ကော့ကရိတ်မြို့တွင်းက ခလရ ၉၇၊ တောင်ပေါ်ကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024