နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာလေတပ်စခန်းတို့ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ဇမ္မူသီရိ၊ ဇေယျာသီရိနဲ့ ဥတ္တသီရိမြို့နယ်တွေမှာ လုံခြုံရေးတင်းကျပ်ထားပြီး ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေ စာရင်းပေး ရတာတွေ ဧည့်စာရင်းတိုင်ရတာတွေရှိလာတယ်လို့ ဝန်ထမ်းအသိုက်အဝန်းကနေ သိရပါတယ်။
စစ်ရုံးချုပ်ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် နေပြည်တော်မှာ သတင်းအမျိုးမျိုးထွက်နေပြီး ဌာနဆိုင်ရာ ဝန်ထမ်းတွေကို စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေက စောင့်ကြည့်နေတယ်လို့ ပြည်ထဲရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဒရုန်းနဲ့အပစ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေကို သိပ်ပြီး အယုံအကြည်မရှိဘူး။ လူစာရင်းစစ်တာတွေ၊ ဝန်ထမ်းလိုင်းခန်းမှာနေတဲ့သူတွေကို စာရင်းကောက်၊ ဧည့်စာရင်းတိုင်ခိုင်းတယ်။ အနေကြာဧည့်သည်ဆို စောင့်ကြည့်တယ်။”
ဌာနဆိုင်ရာရုံးအများဆုံးရှိရာ ဇမ္မူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာတွေမှာ လာရောက်နေထိုင်တဲ့ ဧည့်သည်တွေကို စာရင်းကောက်ယူပြီး ဧည့်စာရင်းတိုင်ခိုင်းတယ်လို့ ပြန်ကြားရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"ပြန်ကြားရေးကလူတွေက မတ်လ ၂၇ ရက်မတိုင်ခင် ကတည်းက လာနေတဲ့ ဧည့်သည်တွေကို စာရင်းကောက်တာ အခုလိုပစ်ခတ်မှုဖြစ်မှ တခြားရုံးတွေက တိုင်ရတာ။”
နေပြည်တော်ဘူတာနဲ့ ရွာတော်ဘူတာမှာ ဝင်ရောက်လာတဲ့ ခရီးသည်တွေကို မှတ်ပုံတင်၊ ထောက်ခံစာနဲ့ လူကိုယ် တိုက်ဆိုင်စစ်ဆေးသလို ဖုန်းတွေကိုလည်း တောင်းယူစစ်ဆေးတယ်လို့ ဇေယျာသီရိမြို့ခံတဦးက ပြောပါတယ်။
"နေပြည်တော်ဘူတာ ရွာတော်ဘူတာနဲ့စစ်တယ် ပြည်ထဲရေးနဲ့ နီးတဲ့နေရာတွေ ဌာနဆိုင်ရာ ရုံးရှိတဲ့နေရာတိုင်း လုံခြုံရေးတွေရှိတယ်။”
နေပြည်တော်စစ်ရုံးချုပ်နဲ့ အေလာလေတပ်စခန်းကို မနေ့က အမျိုးသားညီညွတ်အစိုးရ (NUG)ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက မောင်သူမဲ့ ဒရုန်း ၂၉ စင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီပြန်ကြားရေးကတော့ ဒရုန်း ၁၃ စင်းကို သိမ်းဆည်းရမိတယ်လို့ သတင်းထုတ် ပါတယ်။