Home
မြန်မာသတင်း
ခရမ်းမြို့တွင် စစ်တပ်က စစ်မှုထမ်းထောက်ပံ့ရန် အဓမ္မငွေကောက်ခံနေ
DVB
·
April 5, 2024
yan 542024

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတိုင်းမှာ မတ်လကနေစပြီး စစ်ကောင်စီက အိမ်တိုင်းကို စစ်မှုသွားထမ်းသူတွေကို ထောက်ပံ့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေကြေးကောက်ခံမှုတွေကို အလွန်အကျွံ ပြုလုပ်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အုပ်ချုပ်ရေးမှူးတွေက မြို့ပေါ်ရပ်ကွက်နဲ့ ရွာတွေမှာ တအိမ်ကို အနည်းဆုံး ကျပ် ၁၀,၀၀၀ တောင်းနေပြီး အလှူခံတယ်ဆိုကာ အိမ်ထိလာရောက် ကောက်ခံနေတယ်လို့ ခရမ်းမြို့ပေါ်ရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့အိမ်က ၁၀,၀၀၀ ပေးလိုက်ရတယ်။ အိမ်ထိ အလှူခံတယ်ဆိုပြီး လာကောက်တာ။ အလှူလာခံရင်တော့ ရာအိမ်မှူးတွေပဲလာတယ်။ အုပ်ကြီးတွေက မြို့ပေါ်မှာ သိပ်မနေကြတော့ဘူး။ အစကတော့ စစ်မှုထမ်းရမယ့်သူတွေကို ဇွန်လမှဆိုပြီး အခု မတ်လ ၂၈၊ ၂၉ လောက်က လာခေါ်သွားပြီး သူတို့ကိုလာမခေါ်ခင် ရှေ့တရက်က ပိုက်ဆံလာကောက်တာ။ တချို့ရွာဘက်မှာ တအိမ်ကို ၃၀,၀၀၀ ကနေ ၅၀,၀၀၀ ထိ တောင်းတယ်လို့လည်း ကြားတယ်။”

ဒါ့အပြင် စစ်ကောင်စီက တချို့ရွာတွေမှာ အသက် ၁၈ နှစ်က‌ ၃၅ နှစ်ရှိပြီး စစ်မှုထမ်းဖို့ မပါတဲ့ အိမ်တွေကို တဦး ကျပ် ၅၀,၀၀၀ နှုန်း ကောက်ခံနေတယ်လို့ သက္ကယ်ကုန်းရွာ ဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့အိမ်က ၅၀,၀၀၀ ပေးရတယ်။ မတ်လကနေ စပေးရတာ။ အသက် ၁၈ ကနေ ၃၅ နှစ်ကြား ရှိတဲ့အိမ်ပေါ့။ လေးယောက်ရှိရင် ၂၀၀,၀၀၀ ပေးရတယ်။ မိန်းကလေးအတွက်တော့ မပါဘူး။”

ခရမ်းမြို့ဟာ မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်ကျော်နဲ့ ကျေးရွာပေါင်း ၁၀၀ ကျော်ရှိကာ ခရမ်းမြို့တခုလုံးမှာ စစ်မှုထမ်းဖို့ လူအရေအတွက် ၁၅၀ နီးပါးရှိနေပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ ရွာတွေတိုင်းမှာ ငွေကြေးကောက်ခံနှုန်းက ဆိုးရွားနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013