ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ပြန့်ပွားနေတဲ့ အွန်လိုင်းလိမ်လည်မှု ပြဿနာကို ထိုင်းအစိုးရအနေနဲ့ အမျိုးသားရေးတာဝန်တရပ်အဖြစ် အမြစ်ပြတ်နှိမ်နင်းဖို့ အတိုက်အခံ ဦးဆောင်ပါတီဖြစ်တဲ့ ကောက်ကလိုင်ပါတီ (Move Forward Party) လွှတ်တော်အမတ်တွေက ပြီးခဲ့တဲ့ ဧပြီ ၃ ရက် လွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းလိုက်ပါတယ်။
MFP ပါတီ အမျိုးသမီးလွှတ်တော်အမတ် ရာ့ချ်နုတ်ဆိနောက်က - ယခင်စစ်ကောင်စီအစိုးရ လက်ထက် ၂၀၂၂ မတ် ၁ ရက်မှ ၂၀၂၃ စက်တင်ဘာ ၃၀ ရက်အတွင်း ထိုင်းနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှု တိုင်ကြားထားတဲ့ အမှုပေါင်း ၃၃၆,၈၉၆ မှုရှိပြီး ဆုံးရှုံးမှုပမာဏာ ဘတ်သန်းပေါင်း ၄၅,၇၃၈ သန်း ရှိခဲ့တယ်၊ ပျမ်းမျှခြင်းအားဖြင့် ၁ လကို လိမ်လည်မှု ၂,၂၅၀ ကြိမ် ရှိခဲ့တယ်။ ဖွေ့ထိုင်းပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ တက်လာတော့ ဒီ ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၉ ရက်ထိ ၁ လအတွင်း အွန်လိုင်းအလိမ်ခံရလို့ တိုင်ကြားထားတဲ့ အမှုပေါင်း ၂၁,၅၉၆ မှုရှိပြီး ဘတ်သန်းပေါင်း ၂,၄၉၃ သန်း ဆုံးရှုံးခဲ့တယ်။ ပျှမ်းမျှအားဖြင့် ၁ လ လိမ်လည်မှုနှုန်းမှာ ေလျာ့ကျသွားတာမရှိဘဲ အရင်အစိုးရလက်ထက်လိုပဲ ရှိနေတယ်လို့ လွှတ်တော်မှာ ဂရပ်ဖ်တွေနဲ့ တင်ပြပါတယ်။
အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်မှု နှိမ်နင်းရေးတွေ လုပ်နေတယ်လို့ ပြောဆိုပေမဲ့လည်း ထိရောက်စွာ နှိမ်နင်းနိုင်ခြင်း မရှိကြောင်း၊ ပြည်သူတွေအနေနဲ့ အွန်လိုင်းအလိမ်ခံရရင် ဆိုင်ဘာရဲတပ်ဖွဲ့ အရေးပေါ်ဖုန်းလိုင်း AOC ၁၄၄၁ ကို ခေါ်ဆိုဖို့၊ အဆိုပါဖုန်းလိုင်းကနေ ငွေလိမ်သွားတဲ့ ဘဏ်နံပါတ်ရဲ့ ငွေလည်ပတ်မှုကို ပိတ်ထားဖို့၊ အမည်ခံဘဏ်စာအုပ် ပိတ်ထားဖို့၊ ဥပဒေကြောင်းအရ တိုင်ပင်ဖို့ စတာတွေ လုပ်လို့ရတယ်လို့ ပြောပေမဲ့ နောက်ဆုံးတော့ ကာယကံရှင်ကိုယ်တိုင် ရဲစခန်းမှာ သွားတိုင်ရတယ်။ အဲဒီလို သွားတိုင်တဲ့အခါ မိမိတိုင်ကြားထားတဲ့ အမှုရှင် (ရဲဝန်ထမ်း) နဲ့သာ ပြောဆိုဆောင်ရွက်ရမှာဖြစ်ပြီး ပြည်သူတွေ ရဲစခန်းရောက်တော့ အမှုရှင်ရဲ အပြင်မှာ တာဝန်ထမ်းဆောင်နေတယ်၊ မရောက်လာသေးဘူး၊ နောက်ကျမယ်၊ နောက်ရဲတယောက်ဆီ အမှုပြောင်းမယ်ဆို အစကနေ ပြန်လုပ်ရမယ်၊ တခါတရံ ရဲတွေရဲ့ မောင်းထုတ်ခြင်း ခံရတယ်၊ ရဲက အမှုစစ်နေတဲ့ ကာလမှာပဲ အွန်လိုင်းလိမ်တဲ့လူတွေက နောက်ထပ် တခြားသူတွေကို လိမ်လည်ပြီးနေပြီ၊ ဘဏ်တွေဆိုတာကလည်း တိုင်ကြားချက်ရတာနဲ့ ဘဏ်စာရင်း ချက်ချင်းပိတ်သင့်ပါလျက် အကြောင်းအမျိုးမျိုးပြပြီး မပိတ်ပေးဘူး၊ လူတယောက်ကို ဘဏ်စာရင်း ၁၀ ခုလောက်ဖွင့်ပြီး တနေ့တည်း ဘတ်သိန်းသန်းချီငွေဝင်တယ်၊ ခဏအတွင်း နောက်နံပါတ်ကို လွှဲလိုက်တယ်၊ ဒီလို မူမမှန်မှုတွေကို ဘဏ်က သိနေပါလျက်နဲ့ ချက်ချင်းပိတ်မပေးဘဲ လျစ်လျူရှုထားတယ်။
AOC ၁၄၄၁ အရေးပေါ်လိုင်းထံ အွန်လိုင်းအလိမ်ခံရမှု တိုင်ကြားထားတာ ၂၅,၀၀၀ မှု ရှိပေမဲ့ ဘဏ်ငွေစာရင်း အပိတ်ခံရသူမှာ ၁,၀၀၀ ကျော်သာရှိတယ်။ ၅ ရာခိုင်နှုန်းသာ အရေးယူတယ်၊ ၉၅ ရာခိုင်နှုန်းကို ဆက်ပြီး လိမ်လည်ခွင့်ပေးနေတယ်ဆိုတဲ့ သဘောပဲ။
ပြည်သူအပေါ် တာဝန်မကျေတဲ့ ပြန်ကြားရေးနဲ့ နည်းပညာဌာန၊ ဆိုင်ဘာရဲတပ်ဖွဲ့၊ နယ်မြေရဲစခန်းနဲ့ အမျိုးသားဘဏ်တွေဆိုတာ အစိုးရရဲ့ စီမံကွပ်ကဲမှုအောက်မှာ ရှိတယ်။ ဒါကြောင့် အွန်လိုင်းလိမ်လည်မှု ထိရောက်စွာ အရေးမယူနိုင်တာ အစိုးရမှာ တာဝန်ရှိတယ်လို့ MFP လွှတ်တော်အမတ် ရာ့ချ်နုတ်က ပြောပါတယ်။
ဒါ့အပြင် MFP ရဲ့ နောက်ထပ် အမျိုးသားလွှတ်တော်အမတ် ရန်းဆီမန်းရိုးကလည်း အွန်လိုင်းလိမ်လည်သမား အများစုဟာ ထိုင်းအိမ်နီးချင်း ကမ္ဘောဒီးယား၊ မြန်မာ စတဲ့ နိုင်ငံတွေကနေ ထိုင်းပြည်သူတွေကို လိမ်လည်နေတယ်၊ အစိုးရကတော့ သူတို့ဟာ ပြည်ပကနေ လိမ်လည်နေတာမို့ နှိမ်နင်းရ အခက်အခဲရှိတယ်လို့ ပြောတယ်။
“အိမ်နီးချင်းနိုင်ငံ ဥပမာ မြန်မာ (မြဝတီ) နဲ့ ကမ္ဘောဒီးယားနယ်စပ်က ကာစီနို လောင်းကစားရုံ၊ ကာရာအိုကေ အနှိပ်ခန်း၊ ဟိုတယ်တွေအတွက် လျှပ်စစ်ဓာတ်အားေတွ၊ အင်တာနက်လိုင်းတွေဟာ ထိုင်းကနေ လျှို့ဝှက်သွယ်တန်း ရောင်းချပေးနေတာ ဖြစ်တယ်။ အဲဒီ ကာစီနိုရုံတွေမှာ အွန်လိုင်းလိမ်လည်မှုတွေ ရှိတယ်၊ နိုင်ငံတကာက လာကစားသူတွေ၊ အလိမ်ခံရသူတွေ၊ လူကုန်ကူးမှုတွေဟာ ထိုင်းကနေဝင်ပြီး နယ်စပ်ကိုဖြတ်ရတယ်၊ သူတို့တွေ အဲဒီကို အလွယ်တကူ သွားလို့ရအောင် ထိုင်းလဝကတွေ၊ အခွန်ဌာနတွေ မဖမ်းကြဘူးလား၊ ဘာလုပ်နေကြသလဲ၊ မြဝတီ စီးပွားရေးဇုန်က လောင်းကစားရုံတွေ၊ ဟိုတယ်တွေကို ထိုင်းရဲမှူးတွေလည်း ပိုင်ဆိုင်တယ်လို့ သိရတယ်။ လက်ရှိရဲမှူးတွေ အငြိမ်းစားရဲမှူးတွေပါ ပါတယ်။ ရဲတွေကိုယ်တိုင်က ပိုင်ရှင်ဖြစ်နေမှာတော့ ထိုင်းရဲတွေ အွန်လိုင်းလောင်းကစားမှုမှာ ပါဝင်ပတ်သက်တဲ့အမှုတွေရှိနေတာ မဆန်းဘူး၊ ဒါဟာ အိမ်နီးချင်းနိုင်ငံရဲ့ အတွင်းရေး မဟုတ်တော့ဘူး၊ ထိုင်းနိုင်ငံရဲ့ အရေးဖြစ်တယ်၊ ဥပဒေမဲ့ ဖြတ်သန်းသွားလာခွင့်ရနေတဲ့ နယ်စပ်တံခါးပေါက်ဟာ ငရဲခန်းရဲ့ တံခါးပေါက်ကြီးဖြစ်တယ်၊ ဒီကိစ္စဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်တယ်၊ ထိုင်းပြည်သူနဲ့တကွ တခြားနိုင်ငံက ပြည်သူအများအပြားဟာ ဒီအွန်လိုင်းဂိုဏ်းသားတွေရဲ့ လိမ်လည်မှုကို ကြီးစွာခံနေကြရတယ်။”
ဒါနဲ့ဆက်စပ်ပြီး လူကုန်ကူးမှု၊ အဓမ္မလုပ်အားစေခိုင်းမှု၊ အဓမ္မပြည့်တန်ဆာအဖြစ် သွပ်သွင်းခံရမှုတွေ ဖြစ်လာတာကြောင့် အစိုးရပေါ်မှာ လုံးဝတာဝန်ရှိပြီး အမြစ်ပြတ်အောင် နှိမ်နင်းဖို့ MFP လွှတ်တော်အမတ်က တိုက်တွန်းသွားပါတယ်။
ကိုးကား-matichon tv / 3PLUS News