ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (PDF) ခေါင်းဆောင်တဦး ဧပြီ ၄ ရက်က စစ်ကြောရေးမှာ သေဆုံးသွားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က ကြံခင်းမြို့နယ် ကျေးရွာတရွာမှာ စစ်ကောင်စီကတပ်က ဖမ်းဆီးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုဇော်နိုင်ဝင်း (ခ) ဗိုလ်သူရိန် စစ်ကြောရေးမှာ သေဆုံးသွားတယ်ဆိုပြီး မိသားစုတွေထံကို အကြောင်းကြားလာကြောင်း ဒေသခံတွေထံက သိရပါတယ်။
ကြံခင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “သူ့နာမည်အရင်းက ကိုဇော်နိုင်ဝင်း၊ တော်လှန်ရေးအမည်ကတော့ ဗိုလ်သူရိန်ပေါ့။ သူက အသက် ၃၇ နှစ်လောက်ရှိတယ်။ အိမ်ထောင်ကတော့ ကွဲသွားတာကြာပြီ။ သူက ရိက္ခာဆင်းဝယ်တာ။ ကြံခင်းမြို့နယ်ထဲက စံပယ်ဦးရွာအလွန် ပုသိမ်-မုံရွာလမ်းပေါ်မှာ စစ်ကောင်စီတပ်တွေက ဖမ်းသွားတာ။ ဖမ်းကတည်းက ဝိုင်းရိုက်နှက်ပြီး ခေါ်သွားကြတာ။ အဲ့ဒါကို မနေ့က သေဆုံးသွားပြီဆိုပြီး သူ့မိဘတွေရဲ့အိမ်ကို စစ်ကောင်စီတပ်က လှမ်းအကြောင်းကြားလို့ သိရတာ။ အလောင်းကိုတော့ ပြန်မပေးဘူး။ ကြည့်ခွင့် သင်္ဂြိုဟ်ခွင့်ပါ မပေးဘူး” လို့ ပြောပါတယ်။
အခုလို ဖမ်းဆီးထားပြီး သေဆုံးသွားတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီခန့် ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
ကြံခင်းမြို့နယ်၊ ကြက်လျှာစွန်းကျေးရွာသား ဗိုလ်သူရိန်ဟာ ကြံခင်းမြို့နယ် ရိုးမဧရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတဦး ဖြစ်ပြီး သူ့ကို ဖမ်းဆီးပြီးကတည်းက အမှတ် ၅၁ ခြေလျင်တပ်ရင်းထဲမှာ စစ်ကြောရေးလုပ်ပြီး အဲဒီနေရာမှာပဲ သတ်လိုက်တာ ဖြစ်ပါတယ်။