Home
မြန်မာသတင်း
နေပြည်တော်ကို ဒရုန်း ၃၀ နီးပါးဖြင့် PDF တိုက်ခိုက်၊  ၇ စင်း ပစ်ချခဲ့ရဟု စစ်ကောင်စီ ဝန်ခံ
DVB
·
April 4, 2024
NayPyiDawDrone_04042024

နေပြည်တော်ကို PDF အထူးတပ်ဖွဲ့တွေက မောင်းသူမဲ့ ဒရုန်း အစင်း ၃၀ နီးပါးနဲ့ တိုက်ခိုက်ခဲ့တာမှာ လေဆိပ်နဲ့ ဇေယျာသီရိမြို့နယ်ဝန်းကျင်ကို ပျံသန်းဝင်ရောက်လာတဲ့ ဒရုန်း ခုနှစ်စင်းကို ပစ်ချဟန့်တားနိုင်ခဲ့ပြီး လူနဲ့ အဆောက်အဦတွေ ထိခိုက်ပျက်စီးတာမရှိဘူးလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဧပြီ ၄ ရက် မနက် ၁၀ နာရီခွဲလောက်က နေပြည်တော်လေဆိပ်ရဲ့ အရှေ့ဘက်မှ ဒရုန်း လေးစင်းပျံသန်းလာရာ လေဆိပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက အဆိုပါဒရုန်းတွေကို ပစ်ချဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။

အလားတူ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရဲ့ အရှေ့တောင်ဘက်မှ ဒရုန်း သုံးစင်း ပျံသန်းဝင်ရောက်လာမှုကို လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးခဲ့ပြီး ဒီဖြစ်စဉ်မှာ လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့လည်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်မှာတော့ ပျက်စီးနေတဲ့ ဒရုန်း နှစ်စီးရဲ့ ဓာတ်ပုံကိုသာ ဖော်ပြထားတာ တွေ့ရပြီး PDF တွေရဲ့ ဒရုန်းတွေ ဟုတ်၊ မဟုတ်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ကတော့ စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော် နဲ့  အေလာ လေတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက  ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ကြေညာထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနဲ့  ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့  Lethal Prop Weapon Team တပ်ခွဲက အေလာလေတပ်ကိုလည်းကောင်း တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က “ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံးအ​တွေ့အကြုံပါပဲ။ ဒရုန်းတစင်းပါ ယမ်း​ပေါက်ကွဲအားက ၁၀၇ တစင်းထက် ၂၀ ရာခိုင်နှုန်း ပြင်းပြီး အနက်​ဖောက်ထွင်းအားလည်း ပို​ကောင်းပါတယ်။ ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ ရပါပြီ”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။

အချိန်ယူပြင်ဆင်ပြီးမှ အခုလိုတိုက်ခိုက်နိုင်ခဲ့တာဖြစ်သလို ပစ်မှတ်တွေကိုလည်း ထိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဉီးမောင်မောင်ဆွေက ဒီဗွီဘီကို ပြောပါတယ်။

ဒီမနက်ပိုင်းမှာ ပေါက်ကွဲသံတွေကို ကြားခဲ့ရပြီး ဘာတွေဖြစ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ နေပြည်တော် ဒေသခံတဦးက ပြောပါတယ်။

PDF Insight ကတော့  နေပြည်တော်စစ်ရုံးချုပ်ကို ကာမီကာဇေဒရုန်း ၁၆ စီး ၊ အေလာလေတပ်ကို ၁၃ စီးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အေလာလေတပ်နေရာ မီးလောင်နေတာကိုတော့ တွေ့မြင်ရတယ်လို့  ထုတ်ပြန်ထားပါတယ်။ 

နေပြည်တော် ၊စစ်ရုံးချုပ်၊ မင်းအောင်လှိုင်နေအိမ်နဲ့ အေလာလေတပ်ကို မောင်းသူ မဲ့လေယာဥ်ငယ်တွေအသုံးပြုကာ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ KLOUD Team နဲ့  Power of Ababil ( POA ) တပ်ဖွဲ့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းအမှတ် (၃၅၀၂)တပ်ခွဲ (၁) Orion Drone Teamတို့မှ တိုက်ခိုက်ခဲ့တာလို့  KLOUD Team ကလည်း ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုတစုံတရာမရှိ ထွက်ခွာလာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

နေပြည်တော်လေဆိပ်ကို ဒီနေ့မနက် ၁၀ နာရီခွဲကနေ ၁ နာရီခွဲလောက်အထိ ပိတ်ထားတာတွေ့ရတယ်လို့ စစ်ကောင်စီ လေတပ်မှာ နှစ်ပေါင်းများစွာအမှုထမ်းခဲ့တဲ့ ဦးနေဝင်းအောင်က CDM ဗိုလ်ကြီးဟောင်းထက်မြက်နဲ့ မေးမြန်းရာမှာ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013