ရန်ကုန်၊ မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းမ၊ တပ်ကြီးကုန်းရွာအနီး လယ်ကွင်းထဲမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးတွဲနဲ့ ဒုံးပစ်စင်ကို တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်က ဧပြီ ၃ ရက် ညနေ ၄ နာရီလောက်မှာ လာရောက်ရှင်းလင်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မှော်ဘီမြို့ခံတဦးက “တပ်ကြီးကုန်းက ကွင်းထဲမှာ ဒုံးကျည်တွေ တွေ့လို့ဆိုပြီး စစ်ကားတွေ လေးငါးစီးလောက် ထွက်လာတာ တွေ့တယ်။ လမ်းမနဲ့ဆို တော်တော်လှမ်းတယ်၊ ပေ ၂၀၀ ကျော်လောက်မှာ” လို့ ပြောပါတယ်။
ရှော့တိုက်ဒုံးတွေ တွေ့ရှိခဲ့တဲ့ ရွာကွင်းပြင်နဲ့ စစ်ကောင်စီရဲ့ အမှတ် ၅၀၁ မှော်ဘီလေတပ်စခန်းဟာ ၂ မိုင်လောက်သာ ကွာဝေးပြီး ဒုံးဝါယာကြိုးတွဲလျက် ဒုံးပစ်စင်ကို သဲအိတ်တွေနဲ့ ဖိထားကာ လေတပ်ဘက် ချိန်ရွယ်ထားခဲ့တာလို့ သိရပါတယ်။
မှော်ဘီမြို့နယ်နဲ့ လှည်းကူးမြို့နယ်အစပ် ညောင်နှစ်ပင် ကျေးရွာ၊ ဆတ်သွားတောလမ်းမဘေးက လယ်ကွင်းထဲမှာလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့က မှော်ဘီလေတပ်ဘက်ကို ချိန်ရွယ်ထားတဲ့ ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးကို စစ်ကောင်စီဘက်က လာရောက်သိမ်းဆည်းဖူးပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်မှာတော့ ရန်ကုန် အခြေစိုက် Urban Special Operation တပ်ဖွဲ့က ၅၀၁ မှော်ဘီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လေတပ်နံရံနဲ့ လေယာဉ်ပြေးလမ်းတချို့ ပျက်စီးသွားခဲ့ပါသေးတယ်။