မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးမှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ဖိအားပေးစာရင်းကောက်ခံနေတဲ့အတွက် လူငယ်တွေ ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျိုက်ထီးရိုးတောင်ပေါ်မှာနေထိုင်တဲ့ အသက် ၁၈ နှစ်မှ အသက် ၃၅ အတွင်းရှိတဲ့ အမျိုးသားတွေကို စစ်ကောင်စီတပ်သားတွေ နဲ့ အုပ်ချုပ်ရေးမှူးတွေက မတ်လနောက်ဆုံးပတ်ကစပြီး စာရင်းကောက်ခံနေပါတယ်။
ကျိုက်ထီးရိုးတောင်ပေါ်မှာ စစ်မှုထမ်းဖို့ အသက်ပြည့်မီတဲ့ အမျိုးသားအနည်းငယ်သာရှိတဲ့အတွက် လူငယ်တွေလည်း စစ်မှုထမ်းရမှာကြောက်ပြီး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ပထမစာရင်းကောက်တယ် ပြီးတော့ စာပို့ပြီးအစည်းအဝေးခေါ်တာ။ အဲ့ဒီမှာ အကုန်လုံးက စစ်မှုထမ်းရမှာကြောက်ပြီး အကုန်ထွက်ပြေးသွားပြီး။ တယောက်မှကို မမိလိုက်တာ။ ကျိုက်ထီးရိုး ဒေသခံတွေက ကလေးတွေနဲ့ မိန်းကလေးတွေပဲများတယ်လေ။ စစ်မှုထမ်း အသက်ပြည့်တဲ့ အမျိုးသားတွေက တော်တော်ကိုနည်းတာ၊ ခုတော့ တယောက်မှမရှိတော့ဘူး။ သူတို့ဘယ်ကို ထွက်ပြေးသွားတယ်ဆိုတာတော့ မသိဘူး" လို့ ပြောပါတယ်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေမှူးတွေနဲ့ စစ်ကောင်စီတပ်သားတွေက လူငယ်အမျိုးသားတွေ ထွက်ပြေးသွားတဲ့အတွက် စစ်မှုထမ်းခေါ်တာတွေနဲ့ပတ်သက်ပြီး ငြိမ်နေတယ်လို့ တောင်ပေါ်ဈေးသည်တွေဆီက သိရပါတယ်။
ကျိုက်ထိုမြို့နယ်မှာလည်း ၁၀ ရက်အတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော် ပေးနေတဲ့သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသားသုံးဦးနဲ့ ဘုန်းကြီး တပါး သေဆုံးခဲ့သလို အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ပါတယ်။