Home
မြန်မာသတင်း
ထွက်ပြေးစစ်ကောင်စီတပ်သား ၁၈၀ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၀ လဲလှယ်မည် 
DVB
·
April 4, 2024
bingala 442024

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဒေါက်တာဟာဆန်မာဟ်မွတ်က မြန်မာနယ်ခြားစောင့်ရဲ (BGP)နဲ့ စစ်သားစုစုပေါင်း ၁၈၀ ကို  နေရပ်ပြန်ပို့ပေးဖို့အတွက် စီမံဆောင်ရွက်နေတယ်လို့ အတည်ပြုပြောဆိုပါတယ်။

အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံမှာပိတ်မိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အယောက် ၁၇၀ ကို နေရပ်ပြန်ခေါ်ဖို့ရှိတယ်ဆိုပြီး ဧပြီ ၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပေးပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခိုလှုံလာတဲ့ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့ဝင် ၃ ဦး အပါအဝင် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ၁၇၇ ဦး နဲ့ စုစုပေါင်းအယောက် ၁၈၀ အထိရှိကြောင်း ဟာဆန်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဟာဆန်က “ကျနော်တို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးချိန်မှာ မြန်မာအစိုးရဘက်က သူတို့ကိုပြန်ခေါ်ဖို့ သဘောတူညီခဲ့ပါတယ်။ ရေကြောင်းလမ်းကို အသုံးပြုဖို့ သူတို့ဘက်က အဆိုပြုပါတယ်။ ဒီတပတ်အတွင်း ပြန်ပို့ချင်ပေမဲ့လည်း ပင်လယ်အခြေအနေ သိပ်မဟန်တာကြောင့် လာမယ့်အပတ် ဒါမှမဟုတ် မကြာခင်အချိန်မှာ ဖြစ်လာနိုင်ပါတယ်။ ပင်လယ်ပြင်ငြိမ်သွားပြီ ဆိုတာနဲ့ ကျနော်တို့ဘက်က သူတို့ကိုပြန်ပို့ပေးမှာပါ”လို့ ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက" မြန်မာနိုင်ငံမှာ နည်းလမ်းပေါင်းစုံနဲ့ အထိန်းသိမ်းခံထားရတဲ့ မိမိတို့ နိုင်ငံသား ၁၇၀ ကိုပါ ပြန်လည်ခေါ်ယူနိုင်ဖို့ ကျနော်တို့ ဘက်က တောင်းဆိုထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာဘက်က အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကိုရရှိထားပါတယ်"လို့ ဖြည့်စွက်ပြောပါတယ်။

ဘင်္ဂလားဒေ့ရ်ှရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်နဲ့ ရိုဟင်ဂျာအရေး အပါအဝင် အပြန်အလှန်အကျိုးရှိတဲ့ နယ်ပယ်အသီးသီးမှာ ဗြိတိန်နိုင်ငံရဲ့  ပူးပေါင်းဆောင်ရွက်နေမှုကို ကျေးဇူးတင်ရှိတဲ့အကြောင်း ဝန်ကြီးဟာဆန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Source/Photo: BSS 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013