Home
မြန်မာသတင်း
ညောင်ဦးတွင် ယာဉ်တိုက်မှုဖြစ်ပြီး လူ ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
DVB
·
April 4, 2024
NyaungU Carcrash_04042024

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကုန်တန်းကြီးကျေးရွာအနီး၊ ညောင်ဦး-ကျောက်ပန်းတောင်း လမ်းမမှာ ဧပြီ ၃ ရက် မနက် ၈ နာရီ ၃၅ မိနစ်လောက်က ဟိုက်ဂျက်ကားတစီး ယာဉ်တိုက်မှုဖြစ်ပွားပြီး လူတဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

အဆိုပါကားဟာ ညောင်ဦး၊ အောင်မြေသာရပ်ကွက်ကနေ မန္တလေးဆေးရုံကြီးကို ဆေးကုသမှုခံယူဖို့ ထွက်ခွာလာတာဖြစ်ပြီး အရှိန်လွန်ကာ လမ်းဘေးရှိ တမာပင်ကို ဝင်တိုက်မိခဲ့တာပါ။

ယာဉ်တိုက်မှုကြောင့် ကားနောက်ခန်းမှာ လိုက်ပါလာတဲ့ အသက် ၅၀ ကျော် အမျိုးသမီးတဦး သေဆုံးသွားပြီး ယာဉ်မောင်းအမျိုးသားမှာ ကားထဲညပ်နေခဲ့ကာ အမျိုးသမီးတဦးနဲ့ ယောက်ျားလေးတဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တဦးက “အောင်မြေသာကနေ မန္တလေးကို ကလေးတဦး ဆေးပြဖို့ ထွက်လာတဲ့ကားပါ။ တမာပင်ကို ဝင်တိုက်မိတာ။ ဆုံးသွားတဲ့ အမျိုးသမီးက ယာဉ်မောင်းအမျိုးသားရဲ့ မိန်းမပါ” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုနေရာကို ညောင်ဦးခရိုင်၊ မြို့နယ်မီးသတ်၊ အမှတ် ၅ အရန်မီးသတ်နဲ့ အရပ်ဘက်အသင်းတွေက ကူညီကယ်ဆယ်ခဲ့ကြပြီး ထိခိုက်မိသူနဲ့ သေဆုံးရုပ်အလောင်းတွေကို အမှတ် ၅ အရန်မီးသတ် လူမှုကူညီရေးယာဥ်၊ Bagan Rescue လူနာတင်ယာဥ်တို့နဲ့ ညောင်ဦးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

ညောင်ဦးမြို့နယ်မှာပဲ ပြီးခဲ့တဲ့ မတ် ၁၁ ရက်၊ နေ့ခင်း ၁၁ နာရီလောက်က တုရင်တောင် စွယ်တော်မြတ်စေတီ အဆင်းလမ်းမှာ လူ ၁၃ ဦးပါ ဘုရားဖူးယာဥ် တိမ်းမှောက်ပြီး အမျိုးသားတဦးနဲ့ အမျိုးသမီးလေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဓာတ်ပုံ-ညောင်ဦးမီးသတ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013