ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ခုပ်ရွာနဲ့ ဖျံချောင်းရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး မြေပြင်စစ်ကြောင်းက အရပ်သား ၁ ဦးကို သတ်ဖြတ်သွားတယ်လို့ ကန်ပက်လက်ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၃ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကစတင်ကာ ရဟတ်ယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ရွာအနီးဝန်းကျင်မှာ တောမီးလောင်ကျွမ်းနေပြီး လူနေအိမ်ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဖျံချောင်းရွာထဲမှာ စစ်ကောင်စီတပ်သား အင်အား ၅၀ လောက် အထိုင်ချထားပြီး ဧပြီ ၃ ရက် ညနေက ဖျံချောင်းရွာသား အသက် ၆၀ အရွယ် ဦးဟုန်းသာကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
“မနေ့က မနက်ပိုင်းမှာ ဖျံချောင်းရွာနားမှာ စကစနဲ့ ကာကွယ်ရေးဘက်က တိုက်ပွဲဖြစ်တယ်၊ နေ့လယ်ဘက်ကျ ရဟတ်ယာဉ်နဲ့ ၅ ကြိမ်ပတ်ပစ်သွားတယ်။ လေယာဉ်ပစ်လို့ ရွာနားပတ်ဝန်းကျင်တွေ မီးလောင်ပါတယ်၊ အိုးအိမ်ပျက်စီးမှု အတိအကျသိဖို့တော့ ခက်ခဲနေပါတယ်။ ရွာနားပတ်ဝန်းကျင်နဲ့ ရွာထဲမှာလည်း စကစတွေက နေရာယူထားပါတယ်” လို့ ကန်ပက်လက်ဒေသခံတဦးက ပြောပါတယ်။
လေကြောင်းနဲ့ တိုက်ပွဲကြောင့် ခုပ်ရွာနဲ့ဖျံချောင်းရွာက လူဦးရေ ၂၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။
ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အသေးစိတ်ထုတ်ပြန်တာမရှိသေးပါဘူး။