အဆိုပါ ခေါင်းစဉ်ဖြင့် မြန်မာစစ်ရေးသုံးသပ်သူ ဒေးဗစ်စကော့မေသီဆန်က ဩစတြေးလျရှိ Lowy Institute မှ ထုတ်ဝေသော The Interpreter စာစောင်တွင် ယခုလို ရေးသားလာခဲ့သည်။
နိုင်ငံတွင်းရှိ ပြည်တွင်းစစ်သည် တဖြည်းဖြည်း နက်ရှိုင်းလာနေခိုက်တွင် မမျှော်လင့်ဘဲ ထွက်ပေါ်လာခဲ့သော ၁၀၂၇ စစ်ဆင်ရေး၏ အံမခန်း အောင်မြင်မှုများကြောင့် အားတက် ရွှင်မြူးနေခဲ့ရာမှ စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေဖြင့် အတင်းအကျပ် စစ်ထဲ ဆွဲသွင်းလာမှုကြောင့် တနိုင်ငံလုံး အထိတ်တလန့် ဖြစ်သွားခဲ့ကြရသည်။
စစ်ကောင်စီသည် ရခိုင်၊ ကရင်၊ ကရင်နီ၊ ရှမ်း နှင့် ကချင်ပြည်နယ်များတွင် နယ်မြေများ၊ စစ်စခန်းများ လက်လွှတ်ဆုံးရှုံးနေရုံမက အကျအဆုံးများစွာနှင့် ရင်ဆိုင်နေရသော်လည်း အာဏာကို ဆက်၍ ဖက်တွယ်ထားနိုင်ဆဲပင် ဖြစ်သည်။
အကောင်းဘက်က အလွန်အကျွံ ရှုမြင်သူများက စစ်ကောင်စီ ပြိုလဲသွားလုနီးနီး ဖြစ်နေပြီဟု ခန့်မှန်းနေကြမှုများက ယုံကြည်ရလောက်သည့် အနေအထားမျိုး ရောက်မလာသေးပေ။
မြို့ပေါင်း ၅၀ နီးပါး ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့၊ ရက္ခိုင့်တပ်တော်၊ ကရင်နှင့် ကရင်နီ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ လက်သို့ သက်ဆင်းသွားခဲ့ရပြီဆိုသော အချက်က မငြင်းနိုင်အောင် ဖြစ်လာခဲ့သည်။ သို့သော် ယခုထိ ပြည်နယ်၊ မြို့တော်များနှင့် တိုင်းစစ်ဌာနချုပ် တခုတလေမျှ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီ တပ်သားများ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများဘက်သို့ ထွက်ပြေးဝင်ရောက်သွားခဲ့မှုများသည်လည်း ကြိမ်ဖန်များစွာ ဖြစ်ပွားလာခဲ့သည်။
(ယခုအခါ ဘင်္ဂလားဒေ့ရှ်သည် ၎င်းတို့ဘက် ထွက်ပြေးလာသူများအား အလကား မတ်တင်း ပြန်ပို့ပေးခြင်း မရှိတော့ဘဲ လက်ရှိ ပြန်ပို့ရန် ရှိနေသည့် စစ်ကောင်စီတပ်သား ၁၇၇ ဦး နှင့် မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနှင့် ဖမ်းဆီးခံထားရသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၇၀ ကို အလဲအလှယ်လုပ်မည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမွတ်က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။)
စစ်ကောင်စီသည် နယ်ခြားဒေသများ ဆုံးရှုံးသွားခဲ့သည့်တိုင် ပထဝီ အနေအထားအရ အသာစီးရနေသည့် ဗဟိုချက်ကိုမူ လေကြောင်းပစ်ကူနှင့် ၎င်းတို့၏ လက်နက်ခဲယမ်းများ ထုတ်လုပ်ရာ နေရာများကို မဟာဗျူဟာမြောက် အထပ်ထပ် ကာကွယ်နိုင်စွမ်း ရှိနေသည့် အရင်းအမြစ်များ သုံးနိုင်နေသေးသရွေ့ ထိန်းထားနိုင်ခြင်း ဖြစ်သည်။
စက်မှုကုန်ထုတ် ရပ်ဝန်းကြီးလို ဝိုင်းပတ်နေသည့် ရန်ကုန်၊ ပြည်၊ နေပြည်တော်မှသည် မန္တလေးအထိ မြိုပြများနှင့် စစ်တပ် အခြေစိုက် စခန်းများ ဖြစ်သည့် မိတ္ထီလာ ကဲ့သို့ ဒေသများသည် သိသိသာသာ တည်ငြိမ်မှုရနေဆဲ ဖြစ်သည်။ ပျက်ပြားသွားသော တရုတ်နှင့် ထိုင်း နယ်စပ်ကုန်သွယ်ရေးကို ပင်လယ် ရေလမ်းကြောင်းဖြင့် အစားထိုးနိုင်နေဆဲ ဖြစ်သည်။ အဆိုပါ ပင်လယ်ရေလမ်းကြောင်းသည် လေယာဉ်ဆီနှင့် အခြား စစ်ဖက်ပစ္စည်းများ တင်သွင်းနိုင်ရေးအတွက် လွန်စွာ အရေးပါလာရသည်။
တော်လှန်ရေးအင်အားစုများက လက်နက်ခဲယမ်း အမြောက်အမြား သိမ်းပိုက်နိုင်ခဲ့သော်ငြားလည်း ကပစ သည် ယခုတိုင် ဗုံးများ၊ ကျည်ဆန်များ၊ အမြောက်ဆန်များ ထုတ်လုပ်နိုင်နေဆဲပင် ဖြစ်သည်။ နိုင်ငံအလယ်ပိုင်းရှိ ထိုသို့ ထုတ်လုပ်နိုင်သော စက်ရုံများ၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများသည် ယခုတိုင် အရာမယွင်းဘဲ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လည်ပတ်နိုင်နေဆဲပင် ဖြစ်သည်။ သို့ဖြစ်၍လည်း စစ်တပ်သည် နေရာအနှံ့အပြားတွင် ဗုံးကြဲ တိုက်ခိုက်နိုင်နေခြင်းပင် ဖြစ်သည်။
မှတ်တမ်းပြုထားသော စာရင်းဇယားများအရ စစ်ကောင်စီသည် တနေ့ပျမ်းမျှ ခြောက်ကြိမ်နှုန်း လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ပြင်းအားကောင်းသည့် အပူလှိုင်းသုံးဗုံးများပင် သုံးလာခဲ့ကြသည်။
မင်းပြားတွင် ရိုဟင်ဂျာ မူဆလင် ၂၀ ကျော် သေဆုံးခဲ့ရမှုနှင့် ဆီဆိုင်မြို့ ပြာကျသွားမှုများကို ကြည့်မည်ဆိုလျှင် အဖျက်စွမ်းအား မည်မျှ ပြင်းထန်သည်ကို မှန်းဆနိုင်ပေသည်။ လေကြောင်းမှသာမက လက်နက်ကြီး ပစ်ကူများနှင့် ဗုံးသီးတပ် ဒရုန်းများနှင့်ပါ အားဖြည့်ပေးလာခဲ့သည်။
ကရင်နီပြည်နယ်ရှိ မှတ်တမ်းများအရ အရပ်သားများအား နှစ်နာရီ အတောအတွင်း ၃၂ ကြိမ်မျှ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
၂၀၂၃ အတွင်း ဗီယက်နမ်ရှိ သိုလှောင်ကန်များကတဆင့် တရုတ်နှင့် လိုင်ဘေရီယား အလံလွှင့်ထူထားသော ရေနံတင်သင်္ဘောကြီးများဖြင့် မြန်မာစစ်တပ်အတွက် ကြားဝင် လုပ်ပေးခဲ့သော်လည်း သင်္ဘောများကို မည်သူ ပိုင်ဆိုင်ကြောင်း မဖော်ထုတ်နိုင်ခဲ့ပေ။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဩစတြေးလျမှ စစ်တပ်အား လေယာဉ်ဆီများ ပံ့ပိုးပေးနေသော ကုမ္ပဏီ သုံးခုကို အရေးယူ ဒဏ်ခတ်ခဲ့သည်။ အမေရိကန်သည်လည်း အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာစစ်တပ်အား လက်နက်များ ပံ့ပိုးပေးနေသည့် ကုမ္ပဏီများကို စတင် ဒဏ်ခတ်လာခဲ့ရာမှ ၂၀၂၃ မတ်လနှင့် ဩဂုတ်လများတွင် လေယာဉ်ဆီ ကုမ္ပဏီများကိုပါ ထည့်သွင်းလာခဲ့သည်။
လက်ရှိတွင် လေကြောင်းမှ တိုက်ခိုက်မှုများ အရှိန်မြှင့်လာနေသည့်အတွက် ထိုသို့ အရေးယူ ဒဏ်ခတ်မှုများကို အားလုံး ညှိညှိနှိုင်းနှိုင်းနှင့် တိုးချဲ့ လုပ်ဆောင်သွားသင့်သည်ဟု အကြံပြု ရေးသားထားသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!