ရခိုင်ဘက်ကနေ စစ်ရှုံးပြီးနောက် မကွေးတိုင်းထဲထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ခြောက်ဦးကို PDF က ဖမ်းဆီးရမိထားပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားကာ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ နောင်သူရိန် စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။
ရခိုင်ဘက်ကနေ စစ်ရှုံးပြီးနောက် မကွေးတိုင်းထဲကိုဝင်လာတဲ့ တကက ၉ က ထွက်ပြေးလာတဲ့ ခလရ ၆၃ လက်အောက်ခံ စစ်ကောင်စီတပ်သား နှစ်ဦးကို မတ် ၂ ရက်မှာ ဖမ်းဆီးရမိခဲ့တဲ့အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ထွက်ပြေးလာတဲ့ ခလရ ၃၄၆ လက်အောက်ခံ စစ်သားလေးဦးကို ဧပြီ ၁ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
နောင်သူရိန် စစ်ဆင်ရေးတာဝန်ခံက “သူတို့က အရပ်သားပုံစံနဲ့ လာကြတာမှာ ကျနော်တို့စစ်ကြောင်းတွေနဲ့ တွေ့တယ်ပေါ့နော်။ မသင်္ကာလို့ စစ်မေးလိုက်တော့မှ စစ်ကောင်စီတပ်သားတွေမှန်း သိရတာပါ” လို့ ပြောပါတယ်။
ရခိုင်ဘက်ကနေ စစ်ရှုံးတဲ့ စစ်သားတွေဟာ ရိက္ခာပြတ်တာအပြင် တိုက်ခိုက်ခံရပြီး သေဆုံးမှာတွေကြောင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလာကြသူတွေ ရှိတယ်လို့ သိရပါတယ်။