Home
မြန်မာသတင်း
ဖားကန့်တွင် KTV မှပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA တိုက်ခိုက်
DVB
·
April 4, 2024
HappyKTV_04042024

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဧပြီ ၃ ရက် မနက်ပိုင်းက KTV မှာ သောက်စားမူးယစ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မရှီကထောင်ရပ်ကွက် Happy KTV မှာ သီချင်းဆို သောက်စားပြီး ပြန်လာစဉ် KIA နဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက  စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “KTV ထဲကို စစ်တပ်အဖွဲ့က ညကတည်းက ရောက်ပြီး သောက်စားနေကြတာ။ မနက် ၆ နာရီလောက်မှ ကားနဲ့ပြန်ထွက်လာတုန်း KIA က စောင့်ပြီးပစ်တာ။ နှစ်ဖက် တိုက်ပွဲဖြစ်တာကတော့ သိပ်မကြာဘူး မိနစ် ၂၀ လောက်ပဲ။ KIA က ပစ်ခတ်ပြီး တပ်ဖျောက်သွားတယ်။ ထိခိုက်သေဆုံးတာကိုတော့ တိတိကျကျမသိဘူး” လို့ ပြောပါတယ်။

KTV က ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် ကားတွေ ထိခိုက်ပျက်စီးခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုကိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်တာ မရှိသေးပါဘူး။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မရှီကထောင် ကားလမ်းမမှာ ဖြတ်သန်းသွားလာသူ ပြည်သူတွေကို နေ့လယ်ပိုင်းထိ စစ်ဆေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီ ၂၃ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ Happy KTV အတွင်း ပျော်ပါးနေစဉ် KIA က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဗိုလ်မှူး ဇော်မှိုင်း အပါအဝင် ငါးဦး သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013