Home
နိုင်ငံတကာ
ဂါဇာအပစ်အခတ်ရပ်စဲရေး လိုက်နာဆောင်ရွက်နေဟု ဟားမတ်စ်ပြော
DVB
·
April 4, 2024
Hamas_04042024

ဟားမတ်စ်အကြီးအကဲ အစ္စမေးလ်ဟာနီယာက အစ္စရေးနဲ့ စစ်ဖြစ်နေတဲ့ အစ္စလာမ္မစ် လှုပ်ရှားမှုတွေဟာ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အခြေအနေတွေကို လိုက်နာဆောင်ရွက်နေတယ်လို့ ဧပြီ ၃ ရက်မှာ ပြောခဲ့ပါတယ်။

“ကျနော်တို့ရဲ့ တောင်းဆိုချက်တွေက အမြဲတမ်း အပစ်အခတ်ရပ်စဲရေး၊ ဂါဇာကမ်းမြောင်ကနေ အစ္စရေးတို့ ကျယ်ကျယ်ပြန့်ပြန့် ဆုတ်ခွာရေး၊ နေရပ်စွန့်ခွာသူအားလုံး နေရပ်ပြန်နိုင်ရေး၊ ဂါဇာကမ်း‌မြောင်ဒေသက ပြည်သူတွေအတွက် လိုအပ်တဲ့ အကူအညီတွေ အားလုံးကို ခွင့်ပြုပေးရေး၊ ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းပြီး အကျဉ်းသားတွေကို သိက္ခာရှိရှိ လဲလှယ်ရေးဆိုတဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ပါပဲ”လို့ ဟာနီယာက အယ်လ် ကဒ်စ် ဂျေရုဆလင်နေ့ အထိမ်းအမှတ် ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အောက်တိုဘာ ၇ ရက်ကတည်းက စစ်သွေးကြွတွေက ဖမ်းဆီးထိန်းသိမ်းထားတဲ့ အစ္စရေးဓားစာခံတွေနဲ့ အစ္စရေး အကျဉ်းထောင်တွေထဲက ပါလက်စတိုင်း အကျဉ်းသားတွေကို လွှတ်ပေးဖို့ သူက ရည်ညွှန်းပြောဆိုခဲ့တာပါ။

ဓားစာခံတွေလွတ်မြောက်ရေး ယာယီ အပစ်အခတ်ရပ်စဲရေးအတွက်သာ စိတ်ဝင်စားတယ်လို့ အစ္စရေးက ပြောခဲ့ပေမဲ့ ဟားမတ်စ်က သူတို့ကို စစ်ပွဲ အပြီးတိုင်အဆုံးသတ်ရေး သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့သာ ဓားစာခံတွေကို လွှတ်မယ်လို့ ပြောခဲ့ပါတယ်။

ဂါဇာကမ်းမြောင်တောင်ဘက်စွန်းကနေ လူပေါင်း တသန်းခွဲ ခိုလှုံနေတဲ့ ရာဖာမြို့ဆီ အစ္စရေးတပ်တွေက ဝင်ရောက်ပြီး ကျူးကျော်သိမ်းပိုက်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013