Home
မြန်မာသတင်း
စစ်ကောင်စီတပ်စခန်း ၄ ခုထက်မနည်းကို AA တပြိုင်တည်းတိုက်ခိုက်
DVB
·
April 4, 2024
AA_04042024
AA 1_04042024

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) က အခုရက်ပိုင်းအတွင်းမှာ အမ်းမြို့နယ်၊ မြေပုံမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်တွေက စစ်တပ်ဗျူဟာစခန်း၊ တပ်ရင်းဌာနချုပ်တွေ အပါအဝင် တပ်စခန်းလေးခုထက်မနည်းကို တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဧပြီ ၃ ရက်မှာ AA က ထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မြို့နယ်ရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) လက်အောက်ခံ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို ဧပြီ ၁ ရက်ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်နေသလို အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာအနီးရှိ စကခ ၅ လက်အောက်ခံ တောဟိန်းတောင် ဗျူဟာစခန်းနဲ့ အနီးအနားက တပ်စခန်းတချို့ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒါ့အပြင် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) လက်အောက်ခံ နည်းဗျူဟာအမှတ် ၃ ဖြစ်တဲ့ မြေပုံမြို့နယ် စညှင်းကျေးရွာအနီးရှိ ပွိုင့် ၂၅၇ စခန်းကို ဧပြီ ၂ ရက် မနက်ပိုင်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်နေသလို မတ်လနှောင်းပိုင်းကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ မောင်တောမြို့နယ် ကြိမ်းချောင်း နယ်ခြားစောင့်တပ်စခန်း ကိုလည်း တရက်မှမရပ်တန့်ဘဲ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ AA က ကြေညာထားပါတယ်။

မတ် ၃၁ ရက်ကလည်း အမ်းမြို့နယ်၊ လုံးကျေးရွာအနီးမှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရေးအရ အသာရနေတဲ့အချိန်မှာ ရက္ခိုင့်တပ်တော်အနေနဲ့ သူတို့ရဲ့ ထိုးစစ်တွေကို ရပ်တန့်မှာမဟုတ်ဘဲ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေကို ပိုပြီးသိမ်းလာနိုင်တယ်လို့ ရခိုင်စစ်ရေးအကဲခတ်တဦးက ပြောပါတယ်။

“စစ်ရေးအရ အသာရနေချိန်မှာ ရက္ခိုင့်တပ်တော်ဘက်က စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့တွေနဲ့ တပ်ရင်းဌာနချုပ်တွေကို သိမ်းပိုက်ဖို့အတွက် ထိုးစစ်ဆင်နေဦးမှာပဲ။ အခုက ရခိုင်မှာ AA က ထိုးစစ်ဆင်တိုက်ခိုက်ရင် စစ်ကောင်စီမှာ ခုခံဖို့ စစ်အင်အားရော စိတ်ပိုင်းဆိုင်ရာပါ အကုန်လုံး ပျက်ပြားနေတာကြောင့် ခုခံကာကွယ်နိုင်စွမ်း မရှိတော့ဘူး။ စစ်ကောင်စီမှာ စခန်းတွေ မြို့တွေ ဒီထက်မက လက်လွှတ်ခံရဖို့ပဲ ရှိတော့တယ်။”

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ တကျော့ပြန် စစ်ရေးကာလ လေးလကျော် ကာလအတွင်း ရက္ခိုင့်တပ်တော်က မြို့ ၁၀ မြို့အထိ သိမ်းပိုက်ရရှိထားပြီး နောက်ထပ် မြို့နယ် လေးခုထက်မနည်းမှာလည်း စစ်ရေးပြင်းထန်နေဆဲ ဖြစ်ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့လက်လွှတ်ထားရတဲ့ မြို့နယ်တွေက စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ စျေးတွေ၊ စစ်ဘေးရှောင်နေရာတွေ၊ ဘာသာရေးအဆောက်အဦတွေနဲ့ မြို့ရွာရပ်ကွက်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း မြင့်တက်လာနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013