Home
မြန်မာသတင်း
ဖျာပုံတွင် မီးလောင်ပြီး နေအိမ် ၁၅ လုံး ဆုံးရှုံး
DVB
·
April 4, 2024
fire 442024

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာ အမှတ် ၁ ရပ်ကွက်မှာ ဧပြီ ၂ ရက် မနက် ၁၀ နာရီ ၃၅ မိနစ်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၅ လုံး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီမီးလောင်မှုမှာ အမှတ် ၁ ရပ်ကွက် အိမ်တအိမ်က ဆိုလာနဲ့ ဘက်ထရီအားသွင်းရာက အပူချိန်လွန်ကဲပြီး မီးစတင်လောင်ကျွမ်းရာက ရပ်ကွက်ထဲက တခြားနေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းပြီး နေအိမ် ၁၅ လုံး ပျက်စီးဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင်တဦးက “အပူရှိန် အရမ်းပြင်းတဲ့အချိန်ဆိုတော့ မီးလောင်မှုက အရမ်းအားကောင်းသွားတာ။ ဘေးချင်းကပ်နေတဲ့အိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တာ။ အချိန်မီ မီးထိန်းနိုင်လို့ အခုထက် အိမ်တွေ မီးလောင်ဆုံးရှုံးမှု နည်းတာ။ မီးသုံးတာတွေ သတိနဲ့သုံးဖို့ အကြံပေးချင်တယ်” လို့ ပြောပါတယ်။

အဲဒီမီးလောင်မှုကြောင့် ဓနိမိုး၊ ပျဉ်ခင်း နေအိမ်နဲ့ သွပ်မိုးအုတ်ခံ နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ပြီး နေအိမ် ၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပေမဲ့ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက် သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။

မီးဘေးသင့် ဒေသခံတဦးက “မီးလောင်သွားတဲ့အိမ်တွေကတော့ အစုံပဲ။ အခုတော့ ခေတ္တ သူများအိမ်မှာ ယာယီ ပြောင်းရွှေ့နေတယ်။ ဒီနေ့အထိတော့ ဘာထောက်ပံ့မှုမှ မရသေးပါဘူး။ လူ ၅၀ နီးပါးလောက် မီးဘေးသင့်ခဲ့တာ” လို့ ပြောပါတယ်။

အဲဒီမီးလောင်မှုကို ဖျာပုံမြို့နယ် မီးသတ်ဦးစီးဌာနနဲ့ ပရဟိတအဖွဲ့တွေ၊ လူမှုကူညီရေးအဖွဲ့တွေ၊ ဒေသခံတွေက ပူးပေါင်းဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဦးစီးဌာနက တွက်ချက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မီးလောင်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့က မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးအမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်မှာ ပြီးခဲ့တဲ့ မတ် ၂၅ ရက်ကလည်း မီးလောင်မှုဖြစ်ပွားလို့ လူနေအိမ် ၂၅ လုံး ဆုံးရှုံးခဲ့ပြီး လူခြောက်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013