Home
မြန်မာသတင်း
ထီးလင်း ရေမျက်နီရွာကို စစ်တပ်က မီးရှို့၊ လူနေအိမ် ၂၀၀ ကျော် ဆုံးရှုံး
DVB
·
April 4, 2024
htee 442024

မကွေးတိုင်း ယောဒေသ ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့လို့ လူနေအိမ် ၂၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး စစ်ကြောင်းက အရပ်သား ၃ ယောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ ထီးလင်းဒေသခံတွေက ပြောပါတယ်။

ဧပြီသုံးရက်နေ့  မနက် ၁၀ နာရီလောက်ကစလို့ ရေမျက်နီရွာကို ကျောကပစ-၂၃ က အင်အား ၅၀ ပါ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ရွာထဲက စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ဧပြီသုံးရက်နေ့ ညနေပိုင်းအထိ ရေမျက်နီရွာက လူနေအိမ် ၂၀၀ ကျော်ပြာကျသွားတာကို ဒေသခံတွေက အတည်ပြုထားပြီး ဆက်လက်လောင်ကျွမ်းနေတဲ့ အိမ်အရေအတွက်ကိုတော့ မသိရှိရသေးပါဘူး။

စစ်ကြောင်းဝင်လာတဲ့ လမ်းတလျှောက်က အရပ်သားသုံးယောက်ကိုလည်း ဧပြီနှစ်ရက်က ဖမ်းဆီးထားပြီး စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျောကပစကနေမှ နှစ်ရက်နေ့ကတည်းက ထွက်လာတဲ့ အင်အား ၅၀ ပါတဲ့ စစ်ကြောင်းနဲ့ ရေမျက်နီစခန်းမှာလည်း စစ်သားနဲ့ ပျူ အင်အား ၅၀ လောက်ရှိတယ်လေ၊ သူတို့ပေါင်းပြီးတော့မှ စခန်းဘေး လယ်ပြင်အစပ်က စပြီးရှို့တာပေါ့။ ညနေကအထိတော့ ၂၀၀ ကျော်ပြာကျနေပြီ။ မီးရှို့ တဲ့ စကစအဖွဲ့နဲ့ ကာကွယ်ရေးဘက်လည်း ထိတွေ့ဖြစ်သေးတယ် အသေးစိတ်တော့ မသိရသေးဘူးဗျ” လို့ ထီးလင်းဒေသခံ တဦးကပြောပါတယ်။

အိမ်ခြေ ၆၀၀ ခန့်ရှိတဲ့ ရေမျက်နီရွာက ရွာခံတွေဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ရေမျက်နီစခန်းသိမ်းတိုက်ပွဲဖြစ်ကတည်းက စစ်ဘေးတိမ်းရှောင်နေကြရတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013