Home
မြန်မာသတင်း
လွိုင်ကော်တွင် KNDF ရဲဘော် ၁ ဦး မိုင်းနင်းမိပြီး ခြေထောက်တဖက် ဆုံးရှုံး
DVB
·
April 2, 2024
KNDF-frontline

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အရှေ့ခြမ်းက ၅ မိုင်ကျေးရွာမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲဘော်တဦး စစ်ကောင်စီထောင်ထားခဲ့တဲ့ မိုင်းတလုံးနင်းမိပြီး ​ဝဲဘက်ခြေထောက် နေရာတင် ပြတ်ထွက် ဆုံးရှုံးခဲ့ပါတယ်။

ဧပြီ ၂ ရက် မနက် ၉ နာရီခွဲလောက်မှာ KNDF တပ်ခွဲ ၂ က ရဲဘော်တွေ နယ်မြေရှင်းလင်းရေး ကင်းလှည့်နေစဉ် စစ်ကောင်စီရဲ့ M14 အမျိုးအစား မိုင်းကို နင်းမိခဲ့တာလို့ မြေပြင်သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“သူ့ရဲ့ရဲဘော်တွေက နယ်မြေရှင်းလင်းရေးထွက်နေတာ မိုင်းထိတဲ့နေရာနားကို သူနဲ့ နောက်တယောက်က သွားတာ၊ နောက်တယောက်ကတော့ ဘာမှမဖြစ်လိုက်ဘူး၊ သူကတော့ အခုပဲ ဆေးရုံကို လိုက်ပို့ပြီး ပြန်လာတာ။”

၂၀၂၁ မေ ၂၁ ရက်ကတည်းက စစ်ကောင်စီက လွိုင်ကော်မြို့နဲ့ ဒီးမောဆိုမြို့နယ်တွေထဲကို စတင် စစ်ကြောင်းထိုးဝင်ရောက်ကာ တပ်စွဲနေထိုင်ခဲ့တာဖြစ်ပြီး မိုင်းတွေ ထောင်ထားခဲ့တာကြောင့် အရပ်သားသေဆုံးမှုတွေလည်း မကြာခဏ ရှိနေတာပါ။

ဒေသခံ စစ်ရှောင်ကူညီသူတွေက ဒေသတွင်း မိုင်းအသိပညာပေးတာတွေကို ဆောင်ရွက်ဖို့ လုပ်နေဆဲဖြစ်တယ်လို့ DVB ကို ပြောဆိုထားပြီး စစ်တပ်က မိုင်းတွေအကုန် ရှင်းမပြီးသေးတာကြောင့် ဒေသခံတွေအနေနဲ့ နေရပ်ပြန်ဝင်ခွင့် မရကြသေးပါဘူး။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီ တပ်စွဲခဲ့တဲ့ ကျေးရွာဘုန်းကြီးကျောင်းတွေနဲ့ စခန်းကုန်းတွေမှာ မြေမြှုပ်မိုင်းတွေ အပြီးသတ်ရှင်းလင်းခြင်း မပြုလုပ်ရသေးတာကြောင့် နေရပ်ပြန် ဒေသခံတွေ ထိခိုက်မှုတွေရှိခဲ့ကြောင်း၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က မိုင်းထိပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူတွေအတွက် ပြန်လည်ထူထောင်ရေးစင်တာ ပြုလုပ်ပေးထားပြီး လုံခြုံရေးအရ လတ်တလော မေးမြန်းခွင့်တော့ မရသေးပါဘူး။

Photo-KNDF

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013