မြောက်ကိုရီးယားနဲ့ ရုရှားအကြား လက်နက်ခဲယမ်းတွေ သယ်ယူလာတယ်လို့ဆိုတဲ့ ရုရှားသင်္ဘောနှစ်စင်းကို ဒဏ်ခတ်အရေးယူလိုက်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပြုံယမ်းကို နိုင်ငံခြားငွေရရှိအောင် ကူညီဆောင်ရွက်ပေးဖို့ မြောက်ကိုရီးယား အလုပ်သမားတွေကို ငှားရမ်းရာမှာ ပါဝင်တဲ့ ရုရှားအဖွဲ့အစည်းနှစ်ခုကိုလည်း ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်မ်ဆူဆော့ဂ်က “မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြားမှာ သူတို့ရဲ့ လက်နက်အရောင်းအဝယ်တွေ အပါအဝင် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို အစိုးရက လွတ်လပ်တဲ့ ဒဏ်ခတ်အရေးယူမှုကို ကြေညာလိုက်ခြင်းဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) ရဲ့ ဆုံးဖြတ်ချက်တွေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခြင်းကြောင့်ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်ကို ကျော်လွန်ပြီးတော့ ကမ္ဘာတဝန်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်နေတာကြောင့် ဖြစ်တယ်” လို့ ပြောပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ကိုလည်း စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ချက်ချင်းရပ်တန့်ဖို့ အစိုးရက စဉ်ဆက်မပြတ် တိုက်တွန်းထားပါတယ်လို့လည်း သူက ဆိုပါတယ်။
အမေရိကန်၊ တောင်ကိုရီးယားနဲ့ ယူကရိန်းမှ တာဝန်ရှိသူတွေက မြောက်ကိုရီးယားဟာ ရုရှားကို ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ဒုံးကျည်လိုမျိုး လက်နက်တွေကို ပေးအပ်ခဲ့ကြောင်း စွပ်စွဲထားတာပါ။ ပြုံယမ်းနဲ့ မော်စကိုတို့ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အင်္ဂါနေ့မှာပဲ မြောက်ကိုရီးယားရဲ့ နောက်ဆုံး ဒုံးကျည်ပစ်လွှတ်မှုကိုလည်း ရှုတ်ချခဲ့ပြီး ဒါဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အများအပြားကို ချိုးဖောက်ပြီး ကိုရီးယားကျွန်းဆွယ်နဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ပြုမှုနဲ့ တောင်ကိုရီးယား-အမေရိကန်-ဂျပန် ပူးပေါင်းဆောင်ရွက်မှုတို့ကို အခြေခံပြီး မြောက်ကိုရီးယားရဲ့ မဆင်မခြင် ရန်စမှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ တောင်ကိုရီးယားအစိုးရက မဟာမိတ်တွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်အားကောင်းစေမယ်လို့လည်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
Source/Photo-Reuters