Home
မြန်မာသတင်း
ရွှေကုက္ကိုလ်တွင် ပိတ်မိပြီး အကူညီတောင်းခံထားသည့် နိုင်ငံခြားသား ၉၇၀၀၀ ကျော် ရှိ
DVB
·
April 2, 2024
Online-420-Chinese-at-Myanmar-06092023

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူး ရောင်းစားခံထားရတဲ့ ယူဂန်ဒါ နိုင်ငံသား ၂၃ ယောက်ကို လွတ်မြောက်အောင် မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ ပူးပေါင်း ကူညီပေးခဲ့ပြီး လက်ရှိအချိန်ထိ ရွှေကုက္ကိုလ်မှာ ပိတ်မိလို့ အကူညီတောင်းခံထားတဲ့ နိုင်ငံခြားသား ၉၇၀၀၀ ကျော် ရှိတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။ 

မြဝတီမြို့သစ် ရွှေကုက္ကိုလ် စီမံကိန်းမှာ ရှိတဲ့ တရားမဝင် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရတဲ့ ယူဂန်ဒါ နိုင်ငံသား ၂၃ ယောက်ကို ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA တာဝန်ရှိသူတွေ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ထိုင်းနိုင်ငံက သံအမတ်တွေ၊ တာဝန်ရှိသူတွေ လက်အောက်မှာ ထိန်းသိမ်းပေးထားတယ်လို့ ကူညီပေးသူတွေဆီက သိရပါတယ်။

လူကုန်ကူးခံရတဲ့ ယူဂန်ဒါ နိုင်ငံသား အယောက် ၃၀ နီးပါး ပြန်လွတ်မြောက်လာပေမယ့် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားဦးရေ သိန်းနဲ့ချီ ရှိနေပါတယ်။ အကူအညီ တောင်းခံထားသူ အယောက် ၉၇၀၀၀ ကျော်၊ တသိန်းနီးပါးလောက် ရှိတယ်လို့ ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးသူတွေဆီက သိရပါတယ်။

ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးသူတဦးက “ကျနော်တို့မှာ စာရင်းရှိတာက ၉၇၃၀၀ ကျော် စွန်းစွန်းရှိတယ်။ ထွက်လာတဲ့ လွတ်လာတဲ့ Victim တွေဆီကနေ ကြားသိရတာပေါ့။ ကျနော်တို့ကတော့ ဆွေးနွေးပူးပေါင်းပြီးမှ သွားလို့ ရတာပေါ့။ ကျနော်တို့က ညှိနှိုင်းဆွေးနွေးပြီးမှ ဒီလူတွေက ဘယ်နိုင်ငံသားပါ၊ ဘယ်လို ဒုက္ခရောက်တယ်။ ဘယ်လိုရောင်းစားခံရတယ်။ ဘယ်လို ညှဉ်းပန်း နှိပ်စက်ခံရတယ်ဆိုတာ သက်သေတွေ ပုံတွေနဲ့ အချက်အလက်တွေကို အကုန်ပေးပြီး လူကြီးတွေကို အသိပေးပြီး သက်ဆိုင်ရာ သံရုံးတွေက အကူအညီတောင်းလာလို့ ကျနော်တို့က သက်ဆိုင်ရာအဖွဲ့တွေကို ဆွေးနွေးပြီးမှ ဒီလူတွေ ဒီလူတွေ ထုတ်ပေးပါဆိုပြီး သွားနေတယ်။ ကျောက်ခတ်ဆိုရင် DKBA က လူကြီးတွေ အခုလို ကူညီပေးတဲ့အပေါ်မှာ ထိုင်းအစိုးရအနေနဲ့ ဆွေးနွေးပြီး လွတ်ပေးလာတဲ့အပေါ် အသိအမှတ် ပြုပေးတယ်” လို့ ပြောပါတယ်။

ရွှေကုက္ကိုလ် စီမံကိန်းမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို မြန်မာ၊ တရုတ်နဲ့ ထိုင်းနိုင်ငံ ၃ နိုင်ငံ သဘောတူညီချက်နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းကစလို့ သက်ဆိုင်ရာ နိုင်ငံတွေဆီ တရားဝင် လွှဲပြောင်းပေးနေတာပါ။

အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်ခဲ့သူ ထိုင်းလူမျိုး ၉၂ ယောက် အပါအဝင် တရုတ်နိုင်ငံသား အယောက် ၁၀၀၀ နီးပါးကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်ကနေ မတ် ၅ ရက်အထိ အသုတ်လိုက်ခွဲကာ သက်ဆိုင်ရာ နိုင်ငံရာတွေဆီ ပြန်ပို့ပေးခဲ့တာပါ။

လက်ရှိအချိန်ထိ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းက လည်ပတ်လုပ်ကိုင်နေပြီး အဲဒီထဲမှာ တရုတ်၊ လာအို၊ ထိုင်း၊ ယူဂန်ဒါ၊ အီသီယိုးပီးယား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ ကာဇက်စတန်၊ မော်ရိုကို စတဲ့ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ လူကုန်ကူးခံထားရတယ်လို့ သိရပါတယ်။

“နံပါတ် တစ်ကတော့ နှစ်နိုင်ငံ နယ်စပ် အိမ်နီးချင်းဖြစ်နေတဲ့အခါကျတော့ လာတဲ့ ဧည့်သည်က မကောင်းတာတွေ လုပ်သွားတော့ အိမ်နီးချင်းက ရှင်းရတာပေါ့။ အခု ရှုပ်ပွပြီး ပြဿနာတွေ ဖြစ်နေတာကို ထိုင်းကလည်း ရှင်းနေရတယ်။ ကျနော်တို့ကလည်း ရှင်းနေရတယ်။ အခုလို တရုတ်ရဲ့ လွှမ်းမိုးမှုနဲ့ သူတို့ရဲ့ အုပ်စိုးမှုက အရမ်းကို ကြောက်စရာ ကောင်းလာတဲ့ အခြေအနေ တခု ရှိလာတဲ့အပေါ်မှာ ကျနော်တို့ တိုင်းပြည်အတွက် လုံးဝ အဆင်မပြေဘူး။ ကျနော်လည်း အပြည့်အဝ ယုံကြည်တယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ လုံးဝ ပါဝင် ပတ်သက်မှု မရှိဘူးလို့ မှတ်ချက်ပေးချင်တယ်။ ဆွေးနွေးပြီး ထွက်လာတဲ့အပေါ်မှာ အရမ်းကို ကျေးဇူးတင်တယ်” ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆောင်ဝစ်နွန်ဖက်ဒီးနဲ့ တွေ့ဆုံခဲ့ပြီး မြဝတီက ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဧပြီ ၁ ရက်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် တိန်ရှီကျင်းနဲ့ မြန်မာ စစ်ခေါင်းဆောင်တို့ တွေ့ဆုံပြီး  နယ်စပ်ဒေသ တည်ငြိမ်ရေး၊  မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးနဲ့ အွန်လိုင်းလောင်းကစားမှု ပပျောက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူကလည်း ကရင်ပြည် နယ်စပ်တလျှောက်မှာ ရှိတဲ့ ငွေလိမ်ဂိုဏ်းတွေ၊ တရားမဝင် ကာစီနို လောင်းကစားဝိုင်းတွေကို အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း တိုက်ဖျက်သွားမယ်လို့ ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013