Home
မြန်မာသတင်း
ဖာပွန်မြို့ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊ ၈ ဦး သေဆုံးပြီး ၁၅ ဦးဒဏ်ရာရ
DVB
·
April 2, 2024
PharPonWarVictims_02042024

ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ စစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်နဲ့ ဦးပဉ္စင်းတပါး အပါအဝင်  ရှစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။  

မတ်  ၃၀ ရက်က ဖာပွန်အခြေစိုက်ထား ခလရ ၁၉ ၊ အမှတ် ၆၄၂ စစ်လက်နက်ပစ္စည်းတပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်တနေ့မှာ စစ်ကောင်စီက လေကြောင်းကနေ စစ်ရှောင်ပြည်သူ ၂၀၀ နီးပါးရောက်ရှိခိုလှုံနေတဲ့  ဖာပွန်မြို့၊ အမှတ် ၂ ရပ်ကွက် ရွှေကျောင်းဘုန်းကြီးကျောင်းကို ဗုံး  ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် လေကြောင်းက နေ ဗုံးသီး ၁၀၀ ကျော်ကြဲချခဲ့တာလို့  KNU  တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

မတ် ၁၉ ရက်က စတင်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ ၅ လက်အောက်ခံ  KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဖာပွန်မြို့ အပါအဝင် အမှတ် ၁ စစ်ဗျူဟာနဲ့ ဆက်သွယ်ထားတဲ့ မယ်တရိုး၊ ဝေမှုံ၊ တံခွန်တိုင် ဝေဆာ စတဲ့ ဆက်သွယ်ရေးလမ်းအားလုံးကို ဝိုင်းဝန်းပိတ်ဆို့ပြီး ဖြတ်တောက်ခဲ့ပါတယ်။

ဒါအပြင် မြေပြင်တိုက်ပွဲတွေပါ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာ  တောတောင်တွေထဲနဲ့ လုံခြုံမယ်ထင်တဲ့ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီက အရပ်သားပြည်သူတွေ ပုန်းအောင်းတဲ့ နေရာတွေကိုပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

မတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီလောက်ကလည်း ဖာပွန်မြို့တွင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံးကြဲချ တိုက်ခိုက်လို့ အရပ်သားပြည်သူတွေရဲ့ နေအိမ် ၁၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံမှု ရှိအောင် ပြင်ဆင်ထားဖို့နဲ့ စစ်ရှောင်ပြည်သူတွေအချင်းချင်း ဝိုင်းဝန်းကူညီကြဖို့ ကေအန်ယူ တပ်မဟာ ၅ တာဝန်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီရဲ့ ခလရ ၁၉ ၊ အမှတ် ၆၄၂ စစ်လက်နက်ပစ္စည်းတပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူ များပြားခဲ့တာကြောင့် တပ်ရင်းဆုတ်ခွာ ထွက်ပြေးသွားခဲ့ပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ခဲယမ်း အများအပြားအပြင် မော်တော်ယာဉ်တွေပါ သိမ်းဆည်းရမိခဲ့ပါတယ်။ နှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့  KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးတဲ့ အရေအတွက်အတိအကျကိုတော့ မသိရသေးဘူးလို့ ကေအန်ယူ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။ 

အောင်ခန့်

Photo-FBR

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024