Home
မြန်မာသတင်း
အိန္ဒိယက ဒေါ်လာဘီလီယံချီသုံးပြီး နယ်စပ်ခြံစည်းရိုးခတ်မည့်အပေါ် စစ်ဘေးရှောင်များ စိုးရိမ်
DVB
·
April 2, 2024
Indias-Myanmar-Border-Fencing-Plan_23012024

မြန်မာနဲ့နယ်စပ်ကို ဒေါ်လာဘီလီယံနဲ့ချီသုံးပြီး ခြံစည်းရိုးခတ်ဖို့ အိန္ဒိယဘက်က လုပ်ဆောင်လာတဲ့အပေါ် ဒေသခံတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေ စိုးရိမ်ပူပန်နေကြပါတယ်။

မြန်မာနဲ့ မိုင် ၁,၀၀၀ နီးပါး နယ်နိမိတ်ထိစပ်နေတဲ့ နယ်စပ်တွေမှာ ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ အသုံးပြုပြီး ခြံစည်းရိုးခတ်ဖို့ အိန္ဒိယနိုင်ငံက ပြင်ဆင်နေတဲ့အပေါ်မှာ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ စိုးရိမ်ပူပန်မှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်၊ စစ်ကိုင်းနဲ့ ချင်း ဒေသတွေနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အိန္ဒိယဟာ တိုက်ပွဲတွေမှာ အရေးနိမ့်လာတဲ့ စစ်ကောင်စီတပ်သားတွေက နယ်စပ်ဖြတ်ကျော် ထွက်ပြေးဝင်ရောက်လာတာတွေနဲ့ ကြုံနေရတဲ့အပြင် သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို လက်ခံထားရပါတယ်။

ခြံစည်းရိုးခတ်တာတင်မဟုတ်ဘဲ နိုင်ငံအတွင်း ၁၆ ကီလိုမီတာအတွင်း လွတ်လပ်စွာ သွားလာခွင့်ကိုပါ ဖျက်သိမ်းမယ်လို့ အိန္ဒိယဘက်က ပြောထားကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

မြန်မာဒုက္ခသည်တွေအတွက် အခက်အခဲတွေ အများကြီး ရှိလာမယ့်အပြင် နယ်စပ်တလျှောက် နေထိုင်သူတွေ စားဝတ်နေရေး ထိခိုက်မှုတွေ ရှိလာမယ့် အခြေအနေတွေ ရှိနေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့မှ Terah Thantluang က ပြောပါတယ်။

“အသက်ကိုလုပြီး ထွက်ပြေးနေကြရတဲ့ မြန်မာဒုက္ခသည်တွေအတွက် အခက်အခဲတွေ ရှိလာမယ်။ ဆွေမျိုးသားချင်းတွေက ဟိုဘက်ဒီဘက် အပြန်အလှန် ရှိကြတယ်။ အခုလိုဆိုရင် အချင်းချင်း လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့်တွေ ခက်ခဲလာတော့မယ်။ သာရေးနာရေးတွေလည်း တအားအခက်အခဲ ကြုံလာမှာပေါ့။ နယ်စပ်တလျှောက်မှာနေတဲ့ ချင်းတွေက ကျန်းမာရေးအတွက် မီဇိုရမ်ကို အားကိုးပြီး လုပ်ကြတာပေါ့။ သူတို့အတွက်လည်း ထိခိုက်လာတော့မယ်။ သူတို့လာလို့မရတော့ဘူးဆိုတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ဆုံးရှုံးဖို့ရှိတာပေါ့။”

အိန္ဒိယအနေနဲ့ နယ်စပ်ပြဿနာကို ကိုင်တွယ်ပုံ လွဲမှားနေပြီး ဒုက္ခသည်အပေါ် စိုးရိမ်ပူပန်နေမှုတွေကို တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရနိုင်ကြောင်း India for Myanmar အရပ်ဘက်အဖွဲ့မှ ဆလိုင်းဒိုခါရ်က DVB ကို ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် ရပ်တည်ပေးခြင်းအားဖြင့်ကသာ အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီးခိုင်မာတဲ့ အကာအကွယ် အကျိုးအမြတ် ရမယ်လို့ ယူဆတယ်လို့လည်း ဆိုပါတယ်။

ဆလိုင်းဒိုခါရ်က “ဒီ ဒေါ်လာ ၃ ဘီလီယံလောက်ကို တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးပြီး တော်လှန်ရေးနိုင်အောင် ကူညီရင်တောင်မှ အိန္ဒိယအနေနဲ့ မြန်မာမှာ တရုတ်လွှမ်းမိုးမှုကို ပိုပြီး Balance ညီအောင်ညှိဖို့ အကူအညီဖြစ်မှာဖြစ်သလို အိမ်နီးချင်းကို ဒီမိုကရေစီဖြစ်အောင် လုပ်ပေးခြင်းအားဖြင့် ပြည်တွင်းက သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးခိုင်မာတဲ့ အကာအကွယ် အကျိုးအမြတ် ရမယ်လို့ ယူဆပါတယ်။ ဗဟိုအစိုးရရဲ့ မြန်မာနိုင်ငံသားတွေအပေါ် ကိုင်တွယ်ပုံက တော်တော်လွဲနေတယ်လို့ ဝေဖန်ချင်တယ်” လို့ ပြောပါတယ်။

မြန်မာမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ မြန်မာနိုင်ငံသား ၆၀,၀၀၀ လောက် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အများစုဟာ မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိနေထိုင်ကြတယ်လို့ အရပ်ဘက်အဖွဲ့တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒုက္ခသည်တွေထဲကမှ ၂၃၆ ဦးကိုတော့ အိန္ဒိယအစိုးရက အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ India for Myanmar အရပ်ဘက်အဖွဲ့က ပြောပါတယ်။

သီဟ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013