ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတခုအတွင်း WCK အစိုးရမဟုတ်တဲ့အဖွဲ့အစည်းက နိုင်ငံခြားသားတွေ အပါအဝင် ဝန်ထမ်းငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့ အုပ်ချုပ်လုပ်ကိုင်နေတဲ့ ဂါဇာအစိုးရမီဒီယာရုံးက ဧပြီ ၁ ရက် နှောင်းပိုင်းမှာ ပြောပါတယ်။
ဂါဇာကမ်းမြောင်အလယ်ပိုင်း ဒေ-အယ်လ်ဘားလားမြို့မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှာ သေဆုံးသူတွေဟာ ပိုလန်၊ သြစတြေးလျနဲ့ ဗြိတိန်နိုင်ငံသားတွေအပြင် ပါလက်စတိုင်း နိုင်ငံသားတဦးလည်း ပါဝင်ကြောင်း မီဒီယာရုံးမှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီကလည်း ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း သြစတြေးလျ အကူအညီပေးရေးလုပ်သား လာလ်ဇောမီ ဇိုမီ ဖရန့်ကွမ် သေဆုံးမှုကို အင်္ဂါနေ့မှာ အတည်ပြုခဲ့ပြီး တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့ အစ္စရေးကို ဆက်သွယ်မေးမြန်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အပြစ်မဲ့အရပ်သားတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်နေသူတွေကို အကာအကွယ်ပေးဖို့ လိုအပ်ကြောင်းလည်း အယ်လ်ဘန်နီက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အပစ်အခတ်ရပ်စဲရေးပြုလုပ်ဖို့နဲ့ ဒုက္ခရောက်နေသူတွေကို ကူညီပေးဖို့လည်း ထပ်မံတောင်းဆိုခဲ့ပါတယ်။
အစ္စရေးစစ်တပ်က ဒီကြေကွဲဖွယ်ဖြစ်ရပ်လို့ ခေါ်တဲ့ အခြေအနေတွေကို နားလည်ဖို့ အမြင့်ဆုံးအဆင့်မှာ စေ့စေ့စပ်စပ် ပြန်လည်သုံးသပ်နေတယ်လို့ အစ္စရေးစစ်တပ်က ဧပြီ ၂ ရက်မှာ ပြောပါတယ်။
အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ဘေးကင်းလုံခြုံစွာ ပေးပို့နိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်နေပြီး ဂါဇာရှိ ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ သူတို့ရဲ့ အရေးကြီးတဲ့ ကြိုးပမ်းမှုတွေမှာ WCK အဖွဲ့အနေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း အစ္စရေးစစ်တပ်က သူ့ရဲ့ တယ်လီဂရမ်မှာ ထုတ်ပြန်ပါတယ်။
Source/Photo-Reuters