Home
မြန်မာသတင်း
လှိုင်သာယာတွင် တက္ကစီ ၃ စီး ဆင့်တိုက်မိပြီး ခရီးသည် ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ
DVB
·
April 2, 2024
Hlaing Tha Yar Car Crash_02042024

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ပုသိမ်လမ်းမ၊ ဘီအိုစီအဝိုင်းကားမှတ်တိုင်၊ ဂက်စ်ဆိုင်ရှေ့မှာ ဧပြီ ၁ ရက် ည ၇ နာရီလောက်က တက္ကစီသုံးစီး ဆင့်တိုက်မိပြီး ဘတ်စ်ကားစောင့် ခရီးသည်တဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

အဲဒီနေ့ညပိုင်းက တိုယိုတာ ကိုရိုလာဗန် တက္ကစီက လမ်းဘေးမှာရပ်ထားတဲ့ တိုယိုတာ ပရိုဘောက် တက္ကစီနှစ်စီးကို လမ်းပြောင်းပြန်ကနေ ဝင်တိုက်မိခဲ့တာပါ။

မြို့ခံလူမှုကူညီရေးအသင်းဝင်တဦးက “ပဲခြမ်း (Corolla van) ကားက ပရိုဘောက်တက္ကစီ နှစ်စီးကို ဝင်တိုက်ထားတာ။ ဒဏ်ရာရသွားတဲ့ အမျိုးသားလေးဦးစလုံးက ကားရပ်စောင့်နေတဲ့သူတွေ။ အမျိုးသားတဦးက ဆေးရုံအရောက်မှာပဲ ဆုံးသွားတယ်။ ပဲခြမ်းပေါ်က အမျိုးသမီးတဦးက ခေါင်းမူးဒဏ်ရာလောက်ပဲ။ ဒဏ်ရာရတဲ့အထဲမှာ အမျိုးသားတဦးက ကားနှစ်စီးကြား ညပ်နေတာ။ ဝင်တိုက်တဲ့တက္ကစီနဲ့ အတိုက်ခံရတဲ့ တက္ကစီကြားမှာပါ။ ခြေထောက်ကျိုးတယ်၊ လက်ကျိုးတယ်” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် တက္ကစီသုံးစီးစလုံးရဲ့ ခေါင်းခြမ်းတွေ ကြေမွသွားပြီး ဘတ်စ်ကားစောင့်နေသူ အမျိုးသားသုံးဦးနဲ့ တက္ကစီပေါ်ပါ အမျိုးသမီးတဦး ဒဏ်ရာရ၊ အမျိုးသားတဦး သေဆုံးသွားခဲ့ကာ တိုယိုတာ ကိုရိုလာဗန်ကား ယာဉ်မောင်းကို လှိုင်သာယာ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ယာဥ်တိုက်မှု‌နေရာကို အလင်းသစ်အသင်း၊ ကွက်လပ်ဖြည့်သူအသင်း၊ ကရုဏာနုဂ္ဂဟအသင်း၊ တူညီသောတွဲလက်များအသင်း၊ ဝိပါကအသင်း၊ ခွန်အားသစ်အသင်းနဲ့ သွေးဒါနမျိုးဆက်အသင်းတို့က ရောက်ရှိကယ်ဆယ်ခဲ့ကြပြီး စိုးရိမ်ရ အမျိုးသားလူနာတဦးကို မြောက်ဥက္ကလာပ မေဓာဝီဆေးရုံ အရေးပေါ်ဌာနကို ပို့ဆောင်ပေးကာ သေဆုံးရုပ်အလောင်းကို လှိုင်သာယာဆေးရုံ ပို့ဆောင်ပေးခဲ့ကြပါတယ်။

ဧပြီ ၁ ရက်မှာပဲ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာ အဝေးပြေးကားဝင်းအကျော်၊ ထန်းတပင် အလုပ်သမားဆေးရုံအနီး၊ ပုသိမ်လမ်းမမှာ ညနေ ၅ နာရီခွဲလောက်က သမာဓိ ခရီးသည်တင် ယာဥ်လိုင်းကားနဲ့ ဆီဘောက်ဆာကားတို့ တိုက်မိပြီး လူတဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဓာတ်ပုံ- မြို့ခံလူမှုကူညီရေးအသင်းများ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013