Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်၌ ကျားဖြန့် လုပ်ငန်း ၅၀ ကျော်လုပ်ကိုင်နေ
DVB
·
April 2, 2024
Shwe-Koat-Ko-EPC-out-BGF-4

ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကို၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့မြို့တွေမှာ ကျားဖြန့် လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ISP Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

ရှမ်းမြောက်ဒေသ တရုတ်နယ်စပ်ကနေ တောင်ဘက်ပိုင်း ထိုင်းနယ်စပ်အထိ ကျားဖြန့် နှိမ်နင်းမှုတွေနဲ့ ဆက်စပ်ပြီး ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာထဲမှာ ခုလိုဖော်ပြထား တာဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ပြည်ပနိုင်ငံပေါင်း ၂၅ နိုင်ငံထက်မနည်းက နိုင်ငံခြားသားတွေ ဝင်ရောက်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာကို ဆိုက်ရောက်နိုင်ငံ (Destination) အဖြစ် ဝင်ရောက်တဲ့အခါ တိုက်ရိုက်ဖြစ်စေ၊ ထိုင်း၊ မလေးရှား၊ လာအို၊ ယူအေအီး စတဲ့ ကြားခံနိုင်ငံ (Transit) တွေကတဆင့် ဖြစ်စေ ဝင်ရောက်ကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ နယ်စပ်တလျှောက် မူဆယ်၊ လားရှိုး၊ လောက်ကိုင်၊ ပန်ဆန်း၊ မိုင်းပေါက်၊ မိုင်းလား၊ ကျိုင်းတုံစတဲ့ မြို့ပေါင်း ၇ မြို့မှာတော့ ကျားဖြန့်လုပ်ငန်းပေါင်း ၃၅ ခုထက်မနည်း ရှိခဲ့ကာ “၁၀၂၇ စစ်ဆင်ရေး” မတိုင်ခင်ကတော့ လောက်ကိုင် တမြို့တည်းမှာတင် ကျားဖြန့်လုပ်ငန်းပေါင်း ၁၅ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အထူးသဖြင့် တာချီလိတ်မြို့ဝန်းကျင်မှာ ကျားဖြန့်လုပ်ငန်းပေါင်း ၁၅ ခုထက်မနည်း၊ မြဝ တီမြို့ဝန်းကျင်မှာ လုပ်ငန်းပေါင်း ၂၅ ခုထက်မနည်း ရှိနေတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီ အာဘော် သတင်းစာတွေမှာတော့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှားနိုင်ငံသား ၅၂,၈၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းခဲ့တယ်လို့ ဖော်ပြပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသား ၅၀,၇၇၂ ယောက် ပါဝင်နေခဲ့တာပါ။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာထဲမှာတော့ ဒီ လုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေ ရှိနေပြီး အဲဒီနစ်နာရသူတွေကို လူ့အခွင့်အရေးနဲ့အညီ ကူညီဖို့ တိုက်တွန်းထားပေမယ့် ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင်ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန်ရှီကျင်းဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မနေ့က ဧပြီ ၁ ရက်မှာ တွေ့ဆုံပြီး  နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနဲ့ အွန်လိုင်းလောင်းကစားမှု ပပျောက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။ 

မြန်မာနိုင်ငံတဝန်းမှာ ကျားဖြန့်လူဖမ်းပွဲတွေ အပြိုင်အဆိုင်လုပ်နေကြပေမယ့် ကျားဖြန့် ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတွေကို ဘယ်လိုဘယ်ပုံ ဖမ်းဆီးအရေးယူနေသလဲဆိုတာ အခုထိ မသိကိန်းအနေနဲ့ ရှိနေဆဲဖြစ်တယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျားဖြန့်ခေါင်းဆောင်တွေဟာ ဖမ်းဆီးမခံရဘဲ လွတ် မြောက်နေမယ်၊ တရားစီရင်မှုဟာ ကွက်ကျားမိုးဖြစ်နေမယ်ဆိုရင်တော့ ကျားဖြန့်လုပ်ငန်းတွေ အမြစ်ပြတ်ဖို့က ဝေးနေဦးမှာဖြစ်ပြီးတော့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေအရ တနေရာမှာ နှိမ်နင်းနှိပ်ကွပ်လိုက်ရင် နောက်တနေရာကို ရွှေ့ ပြောင်းပြီးတော့ ဆက်လက်လုပ်ကိုင်ကြတာကြောင့် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံ တွေမှာတော့ အမြစ်ပြတ်မယ့်ပုံ မမြင်သေးဘူးလို့ သုံးသပ်ထားပါတယ်။

ဒါကြောင့်မို့ နောက်ထပ် ခြေကုပ်စခန်းတွေ၊ ဘယ်မှာဆက်ပေါ်လာဦးမလဲဆိုတာနဲ့ မတည်ငြိမ်တဲ့၊ တရားဥပဒေစိုးမိုးမှုမရှိတဲ့ နယ်စွန်နယ်ဖျားဒေသတွေနဲ့ နယ်မြေတွေကို သတိထား စောင့်ကြည့်ရမယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်တည် ငြိမ်ရေးနဲ့ လုံခြုံရေးသာမက ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကိုပါ ထိခိုက်စေတဲ့ ကျားဖြန့် အွန်လိုင်း လိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ် ဆေးဝါးလုပ်ငန်းတွေအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းတွေကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်း တိုက်ဖျက်သွားမယ်လို့ အခုနှစ်ဆန်းပိုင်းမှာ ကြေညာထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013