ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ နန်းပန်မြို့၊ ဈေးကုန်းရပ်ကွက်မှာ ဧပြီ ၁ ရက်ညက အိမ်တအိမ် ဓားပြတိုက်ခံရပြီး အိမ်ရှင်ကိုလည်း ဓားနဲ့ထိုးသတ်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အသတ်ခံရသူမှာ ဦးစန်းအောင်ဖြစ်ပြီး တဦးတည်း နေထိုင်တာကြောင့် ဓားပြတိုက်ခံရပြီး သေဆုံးတာကို ဧပြီ ၂ ရက် မနက်ရောက်မှ အိမ်နီးနားချင်းတွေက တွေ့ရှိကြတယ်လို့ ဆိုပါတယ်။
နန်းပန်မြို့ခံတဦးက “သူက ချမ်းသာတယ်၊ ဝပ်ရှော့ဆိုင် ဖွင့်နေတာ။ ဓားနဲ့ထိုးသတ်ခံရတာ။ သူ့ပစ္စည်းတချို့လည်း ပါသွားတယ်။ ရဲကတော့ သူ့အလောင်းကို လာသယ်သွားပါတယ်” လို့ ပြောပါတယ်။
သေဆုံးသူ ရုပ်အလောင်းကို နန်းပန်မြို့၊ တိုက်နယ်ဆေးရုံမှာ ဆေးစစ်ချက်ယူနေပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှာ နောက်ထပ် စစ်ချက်ယူပြီးမှ သင်္ဂြိုဟ်မှာဖြစ်ပြီး ဓားပြတိုက်သွားသူတွေကို ဖော်ထုတ်နိုင်အောင် စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လကလည်း အင်းလေးဒေသ ရေတွင်းကြီးကျေးရွာ ဆိုင်တဆိုင်မှာ လူတစုက ဓားပြဝင်တိုက်ပြီး ဆိုင်ရှင်လင်မယားကို သတ်ဖြတ်ခဲ့ပါတယ်။