Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသား  ၇ ဦး ပစ်သတ်ခံရ 
DVB
·
April 2, 2024
muders 242024

အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၇ ဦးကို ထောင်အာဏာပိုင်တွေက အပြင်ထုတ်သွားကာ ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုပြီး ပစ်သတ်လိုက်တယ်လို့ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားရဲ့ မိသားစုက ပြောပါတယ်။

၂၀၂၃ ဇန်နဝါရီ ၃၀ ရက်တုန်းက လှိုင်မြို့နယ်၊ (၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ရာမှာ အငြိမ်းစားစစ်မှုထမ်းဟောင်း  ရွှေဝါဆပ်ပြာစက်ရုံ၊ ဒုအထွေထွေမန်နေဂျာ ဦးမြင့်စိုး သတ်ဖြတ်ခံရတာနဲ့ ဆက်နွှယ်ပြီး စွပ်စွဲဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၇ ဦးကို ထောင်ကနေထုတ်ကာ ပစ်သတ်ခဲ့တာလို့ဆိုပါတယ်။

အဆိုပါ အကျဉ်းသား ၇ ဦးဟာ ဖမ်းဆီးသွားပြီးကတည်းက မိသားစုနဲ့ အဆက်အသွယ် ပြတ်သွားကာ အကျဉ်းထောင်တွေမှာ လိုက်လံစုံစမ်းလို့လည်းမရတဲ့အကြောင်းနဲ့ အဖမ်းခံရပြီး တနှစ်လောက်ကြာမှ အခုလို အသတ်ခံရတာသိရှိခဲ့တာလို့ သေဆုံးသွားသူတဦးရဲ့ မိခင်က ပြောပါတယ်။

"သူတို့ကို ၂၀၂၃ ခုနှစ်၊ ၂ လပိုင်းကတည်းက ဖမ်းသွားပြီး အဲ့ဒီကတည်းက ပျောက်နေတာ။ ညီမသူတို့ အမှုနဲ့ ဆက်စပ်နိုင်တဲ့ ရဲစခန်းတွေလည်း လိုက်စုံစမ်းပါတယ်။ ဘယ်နေရာကမှ ရှိတယ်မပြောပါဘူး။ အင်းစိန်ထောင်လည်း ခဏခဏသွားမေးတာပဲ မရှိဘူး၊ မသိဘူးပဲ ဖြေတယ်။ ထောင်ကနေ  တာဝန်ရှိသူတွေနဲ့ တိုင်းရုံးကလူတွေကို သွားမေးတော့လည်း တခြားနေရာလွှဲပြောင်းလိုက်ပြီတဲ့၊ လိုက်စုံစမ်းနေတာ တနှစ်ရှိပြီ နောက်တော့ သူတို့ကို ၂၀၂၃ ခုနှစ် ၂ လပိုင်း ကတည်းက လက်နက်တွေထားတဲ့နေရာကို ပြဖို့ဆိုပြီး ထောင်ထဲကနေထုတ်သွားတာကို ဝန်ထမ်းတွေကို ခုခံလို့ဆိုပြီး လှိုင်သာယာထဲမှာပဲ ပစ်သတ်လိုက်တာ။”

ဖမ်းဆီးခံရပြီးနောက် အသတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ ကိုအောင်ခန့်ဖြိုး(ခ)မိုးတိမ်၊ ကိုပြည့်ဖြိုးငြိမ်း(ခ)ကိုကင်း ၊ ကိုတင်စိုး(ခ)ဘိုးတော်၊ ကိုအေးသိန်း ၊ ကိုအောင်ဇော်လင်း(ခ)အောင်ကြီး၊ ကိုညီညီထွေး(ခ)သံချောင်းနဲ့ ကိုချစ်ကို တို့ ဖြစ်ကြပါတယ်။

သူတို့ ၇ ဦးဟာ  စစ်မှုထမ်းတပ်ဖွဲ့တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အပြစ်မဲ့ ပြည်သူတွေကို ဒလန်လို့စွပ်စွဲပြီး  အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ၁၀ ကြိမ် ကျူးလွန်ခဲ့သူတွေဖြစ်တယ်လို့  ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ  ၁၂ ရက်ထုတ် စစ်ကောင်စီသတင်းစာတွေမှာ စွပ်စွဲဖော်ပြခဲ့ပါတယ်။

အင်းစိန်ထောင်က ပြန်လွတ်လာတဲ့ အကျဉ်းသားဟောင်းတဦးက" သူတို့ ၇ ယောက်ကို ဒလန်ရှင်းတာ၊ လက်နက်တွေနဲ့ တွေ့တာဆိုပြီး၊ အမှု ၃ မှုနဲ့စွဲထားတာ၊ မြောက်ဒဂုံရဲစခန်းက အဲ့ဒီကနေ ၂  လပိုင်း၊ ၁၄ ရက်နေ့မှာ၊ အင်းစိန်ထောင်ကိုပို့လိုက်တယ်။ အင်းစိန်ထောင်မှာ တပတ်လောက် စစ်ကြောရေးလုပ်ပြီး အပြင်ပြန်ထုတ်သွားတာ။ သူတို့ကို ထောင်တွင်းတရားရုံးလည်း တခါမှ မတင်ဘူး။ အပြင်တရားရုံးလည်း မထုတ်ဘူး။ ပုဒ်မတွေတောင် မေးလို့မရဘူး။ သူတို့ကိုယ်တိုင်သူတို့ ကိုယ်တိုင် ဘာပုဒ်မတပ်ထားတယ်ဆို တာမသိကြဘူး။ နောက်တော့အမှုထပ်ပေါ်လို့ဆိုပြီး ထောင်ကနေထုတ်သွားတာ။ အဲ့ဒါကနေ ထောင်ကိုပြန်မရောက်တော့ဘူး” လို့ ပြောပါတယ်။

အခုလို အကျဉ်းထောင်ထဲမှာဖမ်းဆီးခံရစဉ် ပျောက်ဆုံးနေသူပေါင်း  ၁၄၀ ကျော်လောက်က အကျဉ်းသားတွေကို အကူအညီပေးနေတဲ့အဖွဲ့တဖွဲ့ထံ အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။ 

မင်းညို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013