Home
မြန်မာသတင်း
တရုတ်အထူးကိုယ်စားလှယ်နှင့် စစ်ခေါင်းဆောင်တွေ့ဆုံ၊ မူးယစ်ဆေးနှင့် အွန်လိုင်းလောင်းကစားကိစ္စ ဆွေးနွေး 
DVB
·
April 2, 2024
china 242024

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန်ရှီကျင်းဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး  နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊  မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးနဲ့ အွန်လိုင်းလောင်းကစားမှု ပပျောက်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် တိန်ရှီကျင်းတို့ဟာ  ဧပြီ  ၁ ရက်မနက်က နေပြည်တော်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမမှာ တွေ့ဆုံခဲ့တာလို့ဆိုပါတယ်။

တွေ့ဆုံရာမှာ နယ်စပ်ဒေသနဲ့ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးနေတဲ့ကိစ္စ၊ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံအနေနဲ့ကူညီ ဆောင်ရွက်ပေးနေတဲ့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ အွန်လိုင်းလောင်းကစားမှုတွေနဲ့ အွန်လိုင်းလိမ်လည်မှုပပျောက်စေရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်တွေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေကို  ဆွေးနွေးခဲ့ကြတယ်လို့လည်းဆိုပါတယ်။

တရုတ်နယ်စပ် ကိုးကန့်ဒေသ ကျားဖြန့်  အွန်လိုင်းလောင်းကစားမှုတွေမှာ ပါဝင်ပတ်သက်တဲ့ သောင်းနဲ့ချီတဲ့ လူတွေကို  မြန်မာဘက်ကနေဖမ်းဆီးပြီး တရုတ်နိုင်ငံဘက်ကို ပို့ဆောင်ပေးခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖော်ဆောင်ခဲ့တဲ့  ညီနောင်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ရဲ့  ၁၀၂၇ စစ်ဆင်ရေးဟာလည်း တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ယာယီအပစ်အခတ် ရပ်စဲထားတာ ဖြစ်ပါတယ်။

အဆိုပါတွေ့ဆုံပွဲကို စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိ သူတွေ တက်ရောက်ကြပါတယ်။

Photo-Cincds

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013