အနီရောင်တဆေးဆန် ကနေ ထုတ်တဲ့ Beni-Koji (ဘီနီကိုဂျီ) ဖြည့်စွက်အစာကြောင့် လူ ၅ ဦး သေဆုံးတယ်လို့ သတင်းထွက်ခဲ့အပြီးမှာ အဲဒီဖြည့်စွက်အစာ ထုတ်လုပ်တဲ့ အိုဆာကာက ကိုဘာယာရှိ ဆေးဝါးစက်ရုံကို ဂျပန် ကျန်းမာရေးတာဝန်ရှိသူတွေက မတ် ၃၀ ရက်နေ့မှာ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အိုဆာကာမြို့တော် အာဏာပိုင်တွေဟာ စက်ရုံထဲကို ဝင်ရောက်ပြီး ပူးတွဲစစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကုမ္ပဏီရဲ့ ထုတ်လုပ်မှုမန်နေဂျာ ကန်ဂျိ ယာမာရှိတ က ဒီကိစ္စကို ရိုးရိုးသားသား ကိုင်တွယ်သွားမှာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုမှာ အပြည့်အဝ ပူးပေါင်းပါဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ကုမ္ပဏီစီအီးအိုကလည်း ဒီဖြစ်စဉ်အတွက် မတ် ၂၉ ရက်နေ့မှာ တောင်းပန်ခဲ့ပါတယ်။ အနီရောင် တဆေးဆန်က ထုတ်တဲ့ ဒီထုတ်ကုန်နဲ့ ကျောက်ကပ်ရောဂါဖြစ်ပွားမှု ဆက်စပ်နေတယ်ဆိုတဲ့ သတင်းတွေ ကြားသိရအပြီးမှာ ထုတ်ကုန်နဲ့ ကျောက်ကပ်အပေါ် သက်ရောက်မှုအကြား ဆက်စပ်မှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ကိုဘာယာရှိကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ကုန်ကို တရုတ်နိုင်ငံမှာလည်း စားသုံးကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
Source/Photo-Reuters