လာမယ့် ဇူလိုင်လမှာ ကျင်းပမယ့် ပါရီအိုလံပစ်ပြိုင်ပွဲ လုံခြုံရေးအတွက် နိုင်ငံပေါင်း ၄၅ နိုင်ငံက စစ်ဘက်၊ ရဲဘက်၊ အရပ်ဘက် အဖွဲ့ဝင် ထောင်နဲ့ချီပြီး လာရောက်ကူညီကြဖို့ ပြင်သစ်အစိုးရက အကူအညီတောင်းထားတယ်လို့ အစိုးရတာဝန်ရှိသူတွေကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။
သန်းနဲ့ချီတဲ့ အားကစားပရိသတ်တွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်မယ်လို့ မှန်းထားတဲ့ ပွဲတော်ကြီးမှာ ပြင်သစ် ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄၅,၀၀၀ ၊ ပုဂ္ဂလိကလုံခြုံရေး ၂၀,၀၀၀၊ စစ်သည် ၁၅,၀၀၀ လောက် နေ့စဉ် လုံခြုံရေးယူမှာ ဖြစ်ပါတယ်။
ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲတွေ၊ မကြာသေးမီက ရုရှားမှာ အိုင်အက်စ်အကြမ်းဖက်မှု ဖြစ်စဉ်အပါအဝင် ခြိမ်းခြောက်မှုတွေကြောင့် ပြင်သစ်က လုံခြုံရေးတပ်လှန့်မှုကို အဆင့်အမြင့်ဆုံး သတ်မှတ်ထားပါတယ်။
ဒီလို နိုင်ငံတကာပွဲကြီးတွေမှာ ပြည်ပက ရဲတွေ၊ ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ယူတာ ပုံမှန်ဖြစ်ပေမဲ့ စစ်ဘက်အကူအညီပါ တောင်းခံတာတော့ ရှားပါးပါတယ်။ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားမှာတုန်းကတော့ ပြင်သစ်က အနံ့ခံခွေးတွေနဲ့ ဒရုန်းဖျက် တပ်ဖွဲ့ဝင်တွေနဲ့ စစ်ရေးအကူအညီ ပေးခဲ့ပါတယ်။
လက်ရှိမှာလည်း ပြင်သစ်က နိုင်ငံအများအပြားကနေ စုစုပေါင်း စစ်ဘက်နဲ့ အရပ်ဘက်က ကျွမ်းကျင်ပညာရှင် ၂၀၀၀ လောက်အထိ တောင်းခံထားတယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ ယန္တရားနဲ့ ခြေလျင်တပ်ဖွဲ့တွေအပြင် စာရွက်စာတမ်းအတု ကျွမ်းကျင်ပညာရှင်၊ မိုင်းရှင်းလင်းရေး ကျွမ်းကျင်သူ၊ ဒရုန်းဖျက် ကျွမ်းကျင်သူ၊ အနံ့ခံခွေးအဖွဲ့ စတာတွေ ပါဝင်ပါတယ်။
Source/Photo-REUTERS/Gonzalo Fuentes