Home
မြန်မာသတင်း
အင်းစိန်မြို့နယ်ရှိ စုဆောင်းရေးတပ် ဖောက်ခွဲတိုက်ခိုက်ခံရ
DVB
·
March 30, 2024
ARMY_30032024

အင်းစိန်မြို့နယ်ရှိ စုဆောင်းရေးတပ်နဲ့ ဦးပိုင်ယာဥ်ရပ်နားစခန်းတို့ကို မတ် ၂၉ ရက်ညက ပြင်းအားမြင့် မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ Dark Shadow တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မနေ့ည ၈ နာရီ ဝန်းကျင်လောက်မှာ Dark Shadow တပ်ဖွဲ့က အဲဒီနေရာနှစ်ခုကို မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိရောက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

Dark Shadow တပ်ဖွဲ့ တာဝန်ခံရဲဘော်အရိပ်က "မိုင်းသုံးလုံးကို ဆိုင်ပြီး ဖိုဖနှောင့်ပုံစံခွဲတာ၊ ထိခိုက်မှုတော့များတယ်။ သေတာ မသေတာတော့ မသိဘူး။ ထိခိုက်မှု ရှိတာတော့ ကျိန်းသေပြောလို့ရတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီက ဒီရက်ပိုင်းထဲ စစ်မှုထမ်းအကျုံးဝင်သူတွေကို ပထမအသုတ် စစ်သင်တန်းပေးဖို့ ခေါ်ယူစုဆောင်းတာတွေ လုပ်နေချိန်မှာပဲ စုဆောင်းရေးတပ် ဖောက်ခွဲတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ဖောက်ခွဲမှူလုပ်ပြီးတဲ့နောက် ဆေးရုံကားအများအပြား အဲဒီတပ်ထဲဝင်သွားတယ်လို့လည်း Dark Shadow ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုင်းပေါက်ကွဲအားက ပြင်းလွန်းတာကြောင့် အဝေးနေရာတွေကပါ ကြားရတယ်လို့ မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်သူတချို့က ဆိုပါတယ်။

Dark Shadow တပ်ဖွဲ့အနေနဲ့ စစ်ရေးလူပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်လို့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ အဆောက်အဦတွေ၊ ရုံးတွေနဲ့ ဝေးရာကနေ ရှောင်ရှားသွားလာကြဖို့ ပြည်သူတွေကို အသိပေးထားပါတယ်။

မနေ့ညက အင်းစိန်မြို့နယ်ရှိ မြောက်ပိုင်းခရိုင် ထွေအုပ်ရုံးလည်း မိုင်းခွဲခံရပြီး အဲဒီတိုက်ခိုက်မူကို Anonymous Fighters Force - AFF ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013