Home
မြန်မာသတင်း
မတ္တရာမြို့နယ်တွင် စစ်ကြောင်းဝင်ရောက်ပြီး ဒေသခံ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်
DVB
·
March 30, 2024
mata 3032024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ မတ် ၂၉ ရက် မနေ့က စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်လို့ ဒေသခံ ၂ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန္တလေးမြို့ဘက်ကနေ မတ် ၂၈ ရက်နေ့ ည‌‌ပိုင်းမှာထွက်လာခဲ့တဲ့ စစ်သားတွေဟာ မတ် ၂၉ ရက် မနက် ၅ နာရီလောက်မှာ ရေနံ့သာရွာကတဆင့် ကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်လာတာလို့ ပြောပါတယ်။

မှော်နီကုန်းရွာသားတယောက်က “ရေနံ့သာရွာကနေ ကား၃စီးနဲ့ စထွက်လာပြီး ကျနော်တို့ မှော်နီရွာကို ရောက်လာပြီး ပစ်ခတ်ဝင်ရောက်လာတယ်။ အဲဒီမှာ ရွာသား၄ ဦးကို ဖမ်းဆီးတယ်ဗျ။ အဲဒီလို ဖမ်းဆီးရမိတဲ့ ၄ ဦးထဲက ၂ ဦးကို သတ်ထားခဲ့တယ်။ ၂ ဦးကိုတော့ ပြန်လွှတ်ထားခဲ့တယ်ဗျ။ အသက်ခံရတဲ့သူတွေက တယောက်က ဦးပွကြီး အသက် ၇၀ ကျော်၊ နောက်တယောက် ကတော့ ဦးစိုးလွင် အသက် ၅၀‌ ကျော်ပါဗျ။ ကျနော်တို့ မှော်နီကုန်းရွာရဲ့ အနောက်ဘက် ကျွဲကျရွာ ဘက်ကိုလည်း လက်နတ်ကြီး ၃ ချက်ပစ်ခတ်တယ်။ ဘယ်ကနေ ပစ်တာလဲဆိုတော့ မှော်နီရွာကနေ ပစ်ခတ်တာဗျ။ ကျွဲကျရွာ အလယ်ခေါင်ကျပြီး အဖွားအိုတဦးရယ်၊ ကိုမောင်လွင် အသက် ၃၀ ထိခိုက်ဒဏ်ရာ ရတယ်။ ကိုမောင်လွင်ကတော့ ဒဏ်ရာ အတော်ပြင်းထန်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ မှော်နီကုန်းရွာကနေ နေ့ခင်း ၁၂ နာရီလောက်မှာ ရေနံ့သာရွာဘက်ကို ပြန်ထွက်သွားတယ်လို့ သိရပါတယ်။

မတ္တရာဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “တိုက်ပွဲကတော့ ရေနံ့သာရွာက စထွက်ပြီး လမ်းပိုင်းတနေရာကနေ မိုင်း ၃ လုံးဆွဲကြသေးတယ်။ ထိပ်တိုက်ပစ်ခတ်မှုလည်းဖြစ် သေးတယ်။ သူတို့ဘက်က အကျအဆုံးရှိလို့ အရပ်သားတွေ သတ်သွားတယ်လို့ပဲပြောရမယ်။ ကျနော်တို့ ကာကွယ်ရေးတပ်က လူတွေတော့ မဟုတ်ဘူး” လို့ ပြောပါတယ်။

မတ္တမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ဘုရားကုန်း စစ်ကောင်စီအထိုင်စခန်းကနေပြီးတော့လည်း မတ် ၂၉ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းကို ၈၀ မမ ၃ လုံး ပစ်ခတ်ခဲ့ပြီး စစ်ကိုင်းမြို့နယ်ထဲက ရွာတွေက ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013