ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ဖက်ကြပ်ကျေးရွာမှာ ဒီနေ့ မတ် ၃၀ရက် နေ့လယ်ပိုင်းက စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ ကလေးတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီအနေနဲ့ ရမ်းဗြဲမြို့ကို လက်လွှတ်ခဲ့ရပြီးနောက်ပိုင်း မြို့အနီးဝန်းကျင်က ကျေးရွာတွေကို လေကြောင်း ရေကြောင်းကတဆင့် ဆက်လက် တိုက်ခိုက်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“မင်းအောင်လှိုင်စစ်တပ်က အေအေကိုမယှဉ်နိုင်လို့ အခုလိုယုတ်မာပြီး ရမ်းပစ်နေတာ။ နေ့လယ် ၁၁ နာရီခွဲလောက်က ဂျက်တိုက်လေယာဉ် ၁ စင်းပေါ်က ရော့ကက် ၂ လုံးနဲ့ပစ်သွားလို့ ရွာက လူငယ်လေးတယောက်သေသွားရတာ” လို့ ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရမ်းဗြဲမြို့နယ်၊ ဖက်ကြပ်ကျေးရွာက အသက် ၁၃ နှစ်အရွယ် မောင်ဖြိုးကိုမှာ ဗုံးစထိမှန်ပြီး နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့သလို အသက် ၅၆ နှစ်အရွယ် ဦးဘိုခိုင်နဲ့ အသက် ၄၇ နှစ်အရွယ် ဒေါ်ခင်ဆန်းရီတို့မှာလည်း ထိခိုက်ဒဏ်တွေရရှိခဲ့ပါတယ်။
အလားတူ ရခိုင့်တပ်တော် အေအေ သိမ်းပိုက်ထားတဲ့ မင်းပြားနဲ့ မြေပုံမြို့နယ်တို့က ကျေးရွာတွေကို စစ်ကောင်စီတပ်က မနေ့က ည ၁၁ နာရီအချိန်မှာ လေကြာင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆရာတော်တပါးနဲ့ အရပ်သားပြည်သူတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၇ လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။