ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ လောင်းကျိုးကျေးရွာမှာ ဒီနေ့ မတ် ၃၀ ရက် မနက်ပိုင်းက အရှည်ပေ ၅၀ ဝန်းကျင်ရှိတဲ့ ဝေလငါးတကောင် သန္တာကျောက်တန်းပေါ် သောင်တင်သေဆုံးနေတာ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဂွမြို့နယ်၊ လောင်းကျိုးကျေးရွာရဲ့ မြောက်ဘက် ၁ မိုင်လောက်အကွာ၊ မြအိမ်ရာ စီမံကိန်းနားက သန္တာကျောက်တန်းပေါ်မှာ ဒီကနေ့မနက် ၈ နာရီခွဲအချိန်က ဝေလငါးတကောင် သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ရွာခံရေလုပ်သားတယောက်က ပြောပါတယ်။
“မနက်က ပိုက်ချဖို့အဆင်းမှာ တွေ့တာပါ။ တော်တော်လေးပုပ်နေပြီ ငါးက။ လုံးပတ်က ပေ ၃၀ လောက်ရှိမယ် အရှည်ကတော့ ပေ ၅၀ ဝန်းကျင်လောက်ပါ။ သက်ဆိုင်ရာကို အကြောင်းကြားပြီး သူတို့ ဆက်လုပ်သွားမှာပါ” လို့ သူက ပြောပါတယ်။
သောင်တင် သေဆုံးနေတာဟာ ဝေလငါးအုပ်စုဝင် ဝေလငါးပု (Dwarf Sperm Whale) ဖြစ်ကြောင်းနဲ့ ရာသီဥတုဒဏ်ကြောင့် သဘာဝအတိုင်း သေဆုံးခဲ့တာဖြစ်တယ်လို့ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက သုံးသပ်ပြောဆိုထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၆ ရက် မနက်ပိုင်းကလည်း ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာအနီးက ပင်လယ်ကမ်းစပ်မှာ အလျား ၇ ဒသမ ၅ ပေ၊ အနံ ၄ ဒသမ ၅ ပေရှိ သောင်တင်နေတဲ့ ဝေလငါးအသေတကောင်ကို သောင်တင်လျက် တွေ့ရှိခဲ့သေးကြောင်း သိရပါတယ်။