Home
မြန်မာသတင်း
ပုသိမ်မြို့ စက်သုံးဆီဆိုင်များက ဆီများကို စစ်ကောင်စီသိမ်းယူ
DVB
·
March 30, 2024
pathein 3032024

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကင်မလင်းကျွန်းလမ်းမကြီးပေါ်မှာ ရောင်းချနေတဲ့ ဆီဆိုင်တွေက စက်သုံးဆီတွေကို စစ်ကောင်စီတပ်က ဒီနေ့ မတ် ၃၀ ရက် မနက်ပိုင်းမှာ လာရောက်သိမ်းယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမှတ် ၁၃ ရပ်ကွက် ကင်မလင်းကျွန်း လမ်းမကြီးပေါ်က ဟိန္နူကျောင်းတော်ရှေ့မှာ ရောင်းချနေတဲ့ အဲဒီ စက်သုံးဆီဆိုင်တွေကို စစ်ကောင်စီတပ် အင်အား ၂၀ လောက်ပါတဲ့အဖွဲ့က ကားတွေနဲ့ ဆိုင်ရှေ့ကို လာပိတ်ရပ်ပြီး ဥပဒေနဲ့ မညီဘဲ စက်သုံးဆီရောင်းနေတာဖြစ်လို့ လာဖမ်းတာလို့ ပြောပြီး ဆိုင်ထဲမှာရှိတဲ့ စက်သုံးဆီတွေကိုပဲ သိမ်းယူသွားတာလို့ ဆိုပါတယ်။

ဒေသခံ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “အခုမနက် ကားတွေနဲ့ ရုတ်တရက် ရောက်လာပြီး လာသိမ်းသွားတာ။ ဥပဒေနဲ့ မညီညွတ်လို့ လာသိမ်းတာ။ လူပါဖမ်းလို့ ရတယ်လို့ ပြောသွားတာ။ လူလိုက်သွားရင် ငွေညှသ်မယ့် သဘောရှိတယ်” လို့ ပြောပါတယ်။

အဲဒီ လမ်းပေါ်မှာရောင်းချနေတဲ့ စက်သုံးဆီအရောင်းဆိုင်တွေဟာ စစ်တပ်အာဏာ မသိမ်းခင် ကတည်းက ရောင်းချနေတာဖြစ်ပြီး ဆိုင် ၈ လောက်က ဆီဂါလံ သိန်းနဲ့ချီပြီး စစ်ကောင်စီတပ်က သိမ်းသွားတယ်လို့ ဆိုပါတယ်။

စက်သုံးဆီသိမ်းခံရတဲ့ ဒေသခံလုပ်ငန်းရှင်တယောက်က “သိမ်းသွားတဲ့ ဆီ မနည်းဘူး။ လူကို ရဲစခန်းလာဖို့ ခေါ်သွားတယ်။ အခုထိ လူ ဖမ်းတော့မဖမ်းသွားသေးဘူး။ ဥပဒေနဲ့ မညီဘဲ ရောင်းနေလို့ဖမ်းတာ။ ခင်ဗျားတို့ကို အသေးစိတ်ရှင်းပြနေဖို့မလိုဘူး။ ရဲစခန်း သာသွားလိုက် လို့ ပြောသွားတာ။ လိုင်စင်ရှိသူတွေရော မရှိသူတချို့ပါ အဖမ်းခံရတာ။ ဘာတွေလုပ်ခံရမလဲမသိတော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က စက်သုံးဆီတွေသိမ်းသွားတဲ့အပြင် ဆီဆိုင်တွေပါ မရောင်းချဘဲ ပိတ်ထားဖို့ ပြောဆိုသွားပြီး အဲဒီမှာ ရောင်းချနေတဲ့ စက်သုံးဆီအရောင်းဆိုင်တွေဟာ လိုင်စင်ရှိတဲ့ ဆိုင်တွေများတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013