Home
မြန်မာသတင်း
အကျဉ်းသားများအား ကူညီသည့် စွဲချက်ဖြင့် ထောင်ဝန်ထမ်း ၁ ဦးကို ထောင် ၂ နှစ်ချ
DVB
·
March 30, 2024
pri 3032024

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ မြောင်းမြအကျဉ်းထောင်က ထောင်ဝန်ထမ်းတယောက်ကို နိုင်ငံရေး အကျဉ်းသားတွေနဲ့ တခြားအကျဉ်းသားတွေကို ကူညီပေးတာကြောင့်ဆိုပြီး စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့ မြောင်းမြအကျဉ်းဦးစီးနဲ့ နီးစပ်သူတွေဆီ သိရပါတယ်။

အဲဒီ ထောင်ဒဏ်ချမှတ်ခံရတဲ့ အကျဉ်းထောင်ဝန်ထမ်းဟာ အသက် ၂၁ အရွယ် တပ်သားအဆင့်ရှိ ဥက္ကာဖြိုးဆိုသူဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က သူကိုင်တဲ့လက်ကိုင်ဖုန်းကို စစ်ဆေးဖို့အတွက် ထောင်အာဏာပိုင်တွေက သိမ်းယူခဲ့ပြီးနောက် မြောင်းမြ အကျဉ်းထောင်ထဲမှာ စတင်ချုပ်နှောင်ထား ခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ထောင်ဝန်ထမ်း တပ်သားဥက္ကာဖြိုးကို စတင်ရုံးထုတ်စစ်ဆေးခဲ့ပြီး ရုံးထုတ် စစ်ဆေးမှု ၃ သာကြိမ်ပြုလုပ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၁၆၁ နဲ့ မတ်လဒုတိယ အပတ်ထဲမှာ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “ပထမ စွဲချက်က အကျဉ်းသားတွေဆီက ကူညီပြီး ဖုန်းဘေလ် တောင်းယူတယ်ဆိုပြီး စွဲချက်တင်တာ။ နောက်ထပ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ကူညီတယ်ဆိုပြီး အခုလိုထောင်ဒဏ် ချမှတ်ခံရတာ လို့သိရတာပဲ။ ကိုယ်တောင် ဘယ်ရက်က အမိန့်ချမှန်းကို တိတိကျကျမသိဘူး။ မနေ့ကမှ အမိန့်ချတာကိုသိရတာ။ ဒုတိယပတ်အထဲမှာပေါ့” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ်  ဇွန် ၂၆ ရက်က မြောင်းမြအကျဉ်းထောင်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ကျန်းမာရေးမကောင်းလို့ အပြင်ဘုတ်ကိုမထွက်နိုင်ကြောင်း ခွင့်တောင်းတဲ့ အကျဉ်းသား ခင်မောင်ဌေးဆိုသူကို ထောင်မှူး ကျော်ဇေယျနဲ့ ထောင်ဝန်ထမ်းတွေက ရိုက်ပြီးသတ်ခဲ့တဲ့ ဖြစ်စဉ်ကို တပ်သား ဥက္ကာဖြိုးကို က သိရှိတာကြောင့် ဖော်မှာစိုးလို့အခုလို လုပ်တာဖြစ်နိုင်တယ်လို့လည်း အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ထောင်ဝန်ထမ်း မိသားစုနဲ့ နီးစပ်သူတယောက်က “အကျဉ်းဝန်ထမ်း တပ်သား ဥက္ကာဖြိုးတို့မိသားစုက ဝန်ထမ်းတွေများတယ်။ ကိုယ့်ဝန်ထမ်းကို စစ်ကောင်စီက အပြစ်ရှာထောင်ချတာ။ ဝန်ထမ်းတွေ သတိနဲ့နေဖို့ လိုနေပြီ ။တပ်သား ဥက္ကာဖြိုး အဖေက မြောင်းမြအကျဉ်းထောင်မှာ တပ်ကြပ်ကြီးရာထူးနဲ့ တာဝန်ထမ်‌ေဆောင်နေတာ။ ပြီးခဲ့တဲ့ရက်က ရာထူးလျှော့ချခံရတယ် လို့သိရတယ်။ ကောင်လေးကို ပုသိမ်အကျဉ်းထောင်ကိုရွှေ့လိုက်ပြီ လို့လည်း သိရတယ်” လို့ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013