(က)
အဘစိမ်းမောင်အိမ်မှာ သူ့သားတွေနဲ့ သင်္ကြန်သီချင်းတွေကို စာသားအသစ်တွေသွပ်ပြီး ဆိုခဲ့တဲ့ အဘစောမူးသာနဲ့ စစ်ပြန်ကြီး အဘလုံးတုံးကို အဘစိမ်းမောင်က မောင်းထုတ်မတတ်ပါပဲ။ အရွှင်အဘတွေကလည်း “တဟားဟား” နဲ့ ထပြန်ခဲ့ကြပြီး အဘစိမ်းမောင့်သားတွေကို မှာကြားနေကြပြန်ပါသဗျ။
“လေမောင်တို့ စိမ်းကိုကိုတို့ . . . မနက်ကျရင် ငါတို့အိမ်ဘက် လျှောက်ခဲ့ကြဟေ့”
“ဘာကျွေးမလို့လဲ အဘစောမူးသာ”
“ထန်းရည်မှာထားတယ်၊ ကြွက်ကြော်မှာထားတယ်”
“ဒါပဲလား အဘ”
“ဒါတင် ဘယ်ကမလဲကွာ . . . ငါ့အိမ်မှာ မင်းတို့ကြိုက်တဲ့ သင်္ကြန်သီချင်းတွေ စိတ်ကြိုက် လာကျင့်ကြပေါ့ကွာ၊ ငါ့စက်က လုံးဝ အမိုက်စားဆိုတာ မင်းတို့သိပါတယ်”
“ဟေး . . . မိုက်ပြီဗျို့၊ လာခဲ့မယ်အဘ”
အဘစိမ်းမောင်က “မနက်ဖြန် အလုပ်တွေရှိတယ်၊ မသွားရဘူး” ဆိုကာ ဝင်တားခိုက် အဘလုံးတုံးက “ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါလား ကိုစိမ်းမောင်” ဟုဝင်ပြောရာ “ရီး ပျော်ခွင့်လား” ဟု ဘုတောပါလေ၏ ခင်ဗျာ။
“မင်းကော လိုက်ခဲ့ပါလား စိမ်းမောင်”
“ငါက ဘာဖြစ်လို့ လိုက်ရမှာလဲ”
“မင်းလည်း စိတ်ပြေလက်ပြောက် သီချင်းလေးတပုဒ်လောက် ကောက်ဆိုဖို့ပေါ့ဟ”
“ရီးမှ မဆိုဘူး”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
အဲသည်နေ့က အဘစိမ်းမောင့်အိမ်က လှေကားအဆင်းမှာတင် နှုတ်ဆက်သီချင်းလေးကို သီဆိုခဲ့ကြပါသေးသဗျ။
“နောင်ရက်တွေလည်း ဆီးလို့ကြိုကွယ် အဘမူး လာပါမယ်၊ လာပါမယ်၊ နောင်နှစ်မှာလည်း ဆီးလို့ကြိုကွယ် အဘလုံး လာပါမယ်၊ လာပါမယ်”
“က က . . . ဘ ဘ ကို ယ် တို င် က”
“ဟားဟား ဟားဟား ဟားဟား”
(ခ)
မနက်ကျတော့လည်း မလာဘဲ မနေနိုင်တဲ့ စိမ်းသရဖူစိမ်း အဘစိမ်းမောင်ပဲ ပုံမှန်အတိုင်း ရောက်လာပါလေ၏။ “မင်းသားတွေကောဟ” ဟုမေးတော့ “ဒီကောင်တွေကို အလုပ်တွေ ခိုင်းထားလို့ ဒီနေ့ လာနိုင်မယ်မထင်ဘူး” ဟု ပြုံးစစဖြင့် ပြောပါလေ၏။
အဘစောမူးသာ့လက်ရာ တို့ဟူးသုပ်နှင့် ငရုတ်သီးအစိမ်းတောင့်များကို ထမင်းကြမ်းခဲနှင့် ဆွဲရပါပေ၏။ ထိုသို့ အရသာရှိတာကို သုံးဆောင်ကြရင်း အရသာရှိသည့် စကားဝိုင်းကို စကြပါလေ၏။
“ဒါနဲ့စိမ်းမောင် . . . ဒို့ရွာက စစ်မှုထမ်းရမယ့် လူစာရင်းမှာ မင့်သားတွေနာမည်လည်း ပါတယ်ဆို”
“အဲ . . . အင်း . . . အေး”
“အဲသည်တော့ ဘယ်လိုဆက်လုပ်မလဲ”
“အဲ . . . ဟို . . . ဟိုဒင်း . . .”
“လူစာရင်းတော့ ထွက်လာပြီပေါ့၊ တကယ်တမ်း လာခေါ်ပြီဆိုရင် ဘယ်လိုစီစဉ်ထားလဲ”
“အဲ . . . အင်း . . .”
ကိုယ့်ပေါင်ပေါ်ကို မီးပွားကျလေပြီဖြစ်ရာ အခုတော့ ‘ပူ’ နေကြပြီဖြစ်ပါ၏။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ ယောင်အအ ဖြစ်နေကြသည့်မိဘများမှာ ကြင်စိုး သာဝ မအလ ကိုသာ ဆဲကြပါလေတော့၏။
“မင်းတို့အဘ မအလ လုပ်တဲ့ စီမံကိန်းပဲကွာ၊ မင်းတို့ ဝိုင်းဝန်းပြီး ကူညီကြရမှာပေါ့”
“ရီး တဲ့မှပဲကွာ”
“ဟားဟား ဟားဟား ဟားဟား”
“မင်းက ကြင်စိုး သာဝ မအလကို ဆဲတာလား”
“အဲ . . . သူ့ကို မဆဲပါဘူး၊ အောက်ခြေ ရပ်ေကျးက လူစာရင်း လိုက်လိုက်ကောက်နေတဲ့ အုပ်ကြီးတွေကို ဆဲတာ”
“သူတို့က မအလခိုင်းသမျှ လိုက်လိုက်လုပ်ပေးကြရတာဟ၊ အဓိကလက်သည်က မ အ လ”
“ရီး တဲ့မှပဲ . . . ရီးတွေကို ဖြစ်လို့”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
အဘစိမ်းမောင် အကြပ်ရိုက်လေ အရွှင်အဘတွေက တဟားဟားဖြစ်လေ ခင်ဗျ။ ပြီးတော့ မအလဟာ လုံးဝကို ‘ရူး’ နေပြီဖြစ်ကြောင်း၊ ပြောချင်ရာတွေ ပြောနေပြီဖြစ်တဲ့အဆင့်ကို ရောက်နေပြီ ဖြစ်ကြောင်းနဲ့ မကြာခင်မှာ ‘ရွာသာကြီး’ ကို ပို့ရတော့မှာဖြစ်ကြောင်း သုံးသပ်ကြပါ၏။
“သူ့လက်ထက်မှာ တိုင်းပြည်စီးပွားရေးကြီး ဦးမော့လာပြီ တဲ့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမူတွေ တိုးတက်လာပြီ တဲ့ . . . အဲသလို မဟုတ်မဟပ် ပြောချင်တာတွေ စွတ်ပြောနေတဲ့အဆင့်ကို ရောက်နေပြီဟ”
“ဟူး . . . . . ဝှူး . . . . .”
အဘစိမ်းမောင့်ထံမှ သက်ပြင်းချသံကြီး ထွက်ပေါ်လာပါလေ၏။ အရွှင်အဘတွေကလည်း ဆက်၍ သုံးသပ်ကြပါ၏။ မအလဟာ ဘုရင်ရူး၊ ပလ္လင်ရူးသာမက ‘ယတြာရူး’ ပါဖြစ်ကြောင်း၊ ယခုနောက်ဆုံးယတြာအဖြစ် ‘တော်လှန်ရေးနေ့’ ကို ပုံမှန်အတိုင်း မနက်ဘက်မလုပ်ဘဲ ညနေမှောင်ရီပြိုးစ ‘နေဝင်ချိန်’ ကို ရွေးချယ်ခဲ့ကြောင်း၊ သည့်အတွက် သူ၏ဖက်ဆစ်တပ်မှာ ‘နေဝင်’ တော့မည့်နိမိတ် ဖြစ်သွားပြီဖြစ်ကြောင်း သုံးသပ်ကြပါ၏။
“လုံးတုံးရေ စိမ်းမောင့်သားတွေမလာလည်း ငါတို့ပဲ ဟဲကြရအောင်၊ စက်သွားဖွင့်ကွာ”
အဘလုံးတုံးက ကာရာအိုကေစက်ကို သွားဖွင့်ပြီး သင်္ကြန်ခွေတခု ထည့်လိုက်မယ်ဟု ဆိုပါ၏။ “အေး အေး . . . မင်္ဂလာရှိသွားအောင်လို့ ‘နှစ်သစ်မင်္ဂလာ’ လေး ရှာဖွင့်ပေးကွာ” ပြောတော့ အဘလုံးတုံးက ရှာပြီး ဖွင့်ပေးလာပါ၏။
ခဏနေတော့ အဘစောမူးသာ၏ ထည်ထည်ခံ့ခံ့ ဘယ်သံကြီးကို ဤသို့ ကြားကြရပါ၏။
“နှစ်သစ်မင်္ဂလာ အဆော်ပြေတခွင်ပွဲမှာ
ပစ်ပစ်လျင်စွာ ကြင်ငနာကို လူတွေလိုက်ရှာ
ဟော တွေ့ပြီဗျာ ဖလားစုတ်နဲ့ သူလေတောင်းကာ
နှုတ်ခမ်းလေးရွဲ့ကာ မခို့တရို့နဲ့ သူတောင်းစားပါ . .”
“နှစ်ကူးလရန်ရှာ ဟိုဒီတွေ တကယ်ရှောတာ
လှမ်းနှက်ချင်တာ ကြင်ငနာရေ မငိုပါနဲ့ ကွာ
မင်းအဘပူတင် သွားလို့ဖြင့် တိုင်ကာပြောပါ
တယောက်တချက်နဲ့ ချ စ် ဂ န်း လေး များ
ဆွ မ်း လောင်း မှာ . . .”
“မူယာ မာယာ အဆဲ အငိုတွေနဲ့ဗျာ
မိုး သ ကြား လ က် န က် ဟာ
ပစ်လိမ့်မယ် ကြောက်စရာ . . .
ကြင်ငနာဖေရာ ငေးမှိုင်မနေနဲ့ကွာ
တွဲဖက်လို့ စစ်ကစားကြမယ် မင်းတော့မသာ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ဂ)
အဘစိမ်းမောင်၏ သားတော်နှစ်ပါး ရောက်ရှိလာလေ၏။ အဘစိမ်းမောင်က “မင်းတို့ကို ငါ အလုပ်တွေခိုင်းထားခဲ့တာ” ဟု ဆီးကြိုပြောလေရာ “ပြီးသွားပြီဗျ အဖေရ . . . အဘစောမူးသာ့စက်နဲ့ အပြတ်ဟဲချင်လို့ အမြန်ပြီးအောင် လုပ်ခဲ့ကြတာ” ဟု ပြန်ပြောကြပါ၏။
“ခုနက အဘစောမူးသာ ဆိုနေတာလား . . . အသံက ကောင်းလိုက်တာဗျာ”
“လူ အိုပေမဲ့ အသံ မအိုသေးပါဘူး ကွ”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
ကျန်သူတွေ ပေါ့ပေါ့ပါးပါး ရယ်မောနေချိန်မှာ အဘစိမ်းမောင်ကား တည်တည်တင်းတင်းကြီး ခင်ဗျ။ အရွှင်အဘတွေနှင့် အပေးအယူတည့်ပြီး ဟီးဟီးဟားဟား ဖြစ်နေသူ သားတော်နှစ်ပါးကို ကြည့်ကာ အဘစိမ်းမောင် မျက်ခုံးလှုပ်နေပုံရပါ၏။
“ကဲ ကဲ . . . လေမောင်တို့ စိမ်းကိုကိုတို့ မင်းတို့ ဘာဆိုကြမလဲ၊ အဲ . . . မင်းတို့နဲ့ အခုအချိန်မှာ အလိုက်ဖက်ဆုံးသီချင်းက ‘နတ်သျှင်နောင်’ ပဲကွ”
“ဘာဖြစ်လို့လဲ အဘလုံးတုံးရ”
“မင်းတို့က မကြာခင် စစ်ထဲဝင်ကြရတော့မှာဆိုတော့ ‘တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့’ လုပ်ကြပေါ့ကွာ”
“အဲဒါကြီးတော့ မဆိုချင်ပါဘူးဗျာ . . .”
“ဒါဖြင့်ရင်လည်း ကြိုက်တဲ့အခွေ ထည့်ဆိုကွာ”
သိုင်းကြူး. . . သိုင်းကြူး . . . အဘမူး”
သို့ဖြင့် အဘစိမ်း၏ သားတော်နှစ်ပါးမှာ အခွေများရွေး၍ ထည့်ကြပါလေ၏။ ဖခမည်းတော် အဘစိမ်းမောင်ကား အပေးအယူတည့်နေသူများကိုကြည့်ကာ ရှုတည်တည်ကြီး ခင်ဗျ။ စစ်မှုထမ်းဥပဒေနှင့် လုံးဝ ကွက်တိ ငြိနေပြီး ဘယ်နေ့ဘယ်ရက်မှာ အိမ်တံခါးခေါက်၍ လာရောက်အခေါ်ခံရမှာ မသိရှာသည့် သူ၏သားတော်များကိုလည်း ‘တင်း’ နေပုံရပါ၏။
ခဏနေတော့ သားတော်ကြီး လေမောင်၏ အသံကို ကြားကြရပါ၏။
“မြူး ကြွတဲ့တေးသံ ပြန့်လွင့်လို့နေ
ကူး ပြောင်း စ တန်ခူးလေမှာ . . .
တယောက်တလက်မို့လှမ်းကာ
ဖျ န်း ပ က် ကြ စ ဉ်
ပိတောက်ဖူးလေးတွေ
ပ န် ဆ င် ထား သူ ရေ . . .
ခေါင်းကလေးမော့ လို့
ပိတောက်ဖူးလေးတွေ
ပန်ဆင်ထားသူရေ . . .”
သူတပိုဒ်ဆိုပြီးတော့ သူ၏ညီတော်ထံသို့ မိုက်ကို ကမ်းလိုက်ပါလေ၏။
“ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ ပွဲမှာ
ငုံနေရှာတဲ့ ပန်းပိတောက်ဖူးတွေထဲ
ရာသီ အချိန်မီ လန်းပွင့်ကြတဲ့ပိတောက်ကို
ပန်ဆင်ပါရင် လှသထက်တင့်မှာမို့
မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ
ကူးပြောင်းစ တန်ခူးလေမှာ
လန်းဆန်းတဲ့မိုးရယ် မိုးပြေးလေးရယ်
ပိတောက်ပန်းပွင့်ရုံ စိုရုံ ဖျန်းပက်အုံး
မိုးပြေးလေးရယ်
ပိတောက်ပန်းပွင့်ရုံ စိုရုံ ဖျန်းပက်အုံး”
“ကောင်းလိုက်တာကွာ . . . ဟေ့ကောင် လုံးတုံး . . . မင်းနဲ့ငါလည်း အဲသည်လိုပဲ တယောက်တပိုဒ်ဆီ ဆိုကြရအောင်”
“လုပ်လိုက်လေ . . . ကြာသလားလို့”
သို့ဖြင့် အရွှင်အဘနှစ်ဦး တဦးမျက်နှာ တဦး အထူးကြည့်ရှုကြပြီး ပြုံးစိပြုံးစိလုပ်ကာ အဆိုပါအပုဒ်ကိုပဲ ပြန်ဖွင့်ခိုင်းပါလေ၏။ ပြီးသည့်အခါ အဘစောမူးသာက ဦးစွာ စ၍ဆိုပါလေ၏။
“ရူး လှ တဲ့ အဘအသံ ပြန့်လွင့်လို့နေ
ကူးပြောင်း စ တန်ခူးလေမှာ . . .
တယောက် တချက်မို့ ဂန်းဟာ
လှ မ်း နှ က် လို က် စ ဉ်
ကျ ည် ဆန် ဖူး လေး တွေ
ခံ ရ န် ပြ င် ဆ င် ထား သူ တွေ . . .
ခေါင်း က လေး စိုက် လို့
ကျ ည် ဆန် ဖူး လေး တွေ
ခံ ဆ င် ထား သူ ရေ . . .”
“ဟေ ဟေ ဟေ ဟေ”
သူတပိုဒ်ဆိုပြီးတော့ အဘလုံးတုံးထံသို့ မိုက်ကို ကမ်းလိုက်ပါလေတော့၏။ အဘလုံးထံမှလည်း ပထမအပိုဒ်နှင့် လိုက်ဖက်ညီလှသည့် စာသားများ ထွက်ကျလာပါတော့၏ ခင်ဗျား။
“ပျော်ပျော်ရွှင်ရွှင် တိုက်ထုတ်ကြတဲ့ ပွဲမှာ
ငိုနေရှာတဲ့ အဘသား အရူးတွေ ထဲ
ရာသီ အချိန်မီ လမ်းပွင့်ကြတဲ့ ဖရဲသီးလို
အမြန်ပြင်ပါရင် လှသထက်တင့်မှာမို့
အပြေးလေးနဲ့အရောက်လာ ခေါင်းမပွင့်ဖို့ရာ
ကူး ပြောင်း စ ခေတ် အခြေမှာ
ဂန်းကြမ်းတဲ့နှုန်းရယ် ဒရုန်းမိုးလေးရယ်
စစ်ရှုံးတပ်ကို ပြိုအောင် လှမ်းနှက်အုံး
ဒ ရုန်း ပြေး လေး ရ ယ်
စစ်ရှုံးအဘကို ငိုအောင် လှမ်းနှက်အုံး”
ဖေကြီး(လေရှီး)