Home
မြန်မာသတင်း
ဖက်ဆစ်တော်လှန်ရေးနေ့၌ ကျွန်းစုမြို့နယ်အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွား   
DVB
·
March 29, 2024
kyune 2932024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စုမှာ မတ် ၂၇ ရက် မနက်က စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးပူးပေါင်းအဖွဲ့တွေနဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း ၂ တို့ကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ပြောပါတယ်။  

ကျွဲခရံကျေးရွာအုပ်စုရှိ ပဲ့တိုင်ရွာ၊ ယမုံရွာနဲ့ ယမုံမြစ်ဝတို့မှာ အင်အား ၅၀ ကျော်ရှိတဲ့ စစ်ကောင်စီ၊ ပျူ စောထီးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ လေးကြိမ်တိတိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ပျူစောထီးအဖွဲ့ဝင် လေးယောက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းဘက်က အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိင်ခဲ့တယ်လို့ ဆိုပါတယ်။   

ပြန်ကြားရေးတာဝန်ခံကိုမျိုးကြီးက "ပဲ့တိုင်ရွာမှာ မနက် ၄ နာရီတည်းကစပြီး တိုက်ပွဲဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာ ဒရုန်းဗုံးသီးတွေအသုံးပြုခဲ့ပါတယ်။ မောင်းလှော်ဘက်မှာ စကစ ဘက်က စစ်ကူထပ်ရောက်နေပါတယ်" လို့ ပြောပါတယ်။   

၄၅ မိနစ်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ယမုံကျေးရွာမှာတော့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း ပျူစောထီး ခေါင်းဆောင်တယောက် ပွဲချင်းပြီး သေဆုံးခဲ့ကာ ကျန်သုံးယောက်ကတော့ ဒဏ်ရာပြင်းထန်တာကြောင့် လမ်းခရီးမှာ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

တိုက်ပွဲတွေကြောင့် ပဲ့တိုင်ရွာနဲ့ ယမုံကျေးရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာဒေသကို ထွက်ပြေးတိမ်းရှောင်နေကြပြီး တိုက်ပွဲငြိမ်သက်တဲ့အချိန်ကျမှ ရွာထဲပြန်ဝင်လာကြသူတွေ ရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။  

“စစ်ဘေးရှောင်အနေနဲ့ကတော့ စစ်ပွဲဖြစ်တဲ့နေရာနဲ့ အနီးနားရွာတွေကို ထွက်ပြေးကြပါတယ်။ ညနေ ၄ နာရီလောက်ကတော့ တချို့တဝက် ရွာထဲပြန်ဝင်နေကြပါပြီ။”  

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အင်အား ၇၀ ခန့်ရှိတဲ့ စစ်ကူကားနှစ်စီးနဲ့ အင်အား ထပ်မံဖြည့်တင်းဖို့ ရောက်လာပြီး လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။   

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ မှာ တနင်္သာရီ ပကဖ၊ မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂၊ ကျွန်းစု ပကဖ၊ ပုလော ပကဖ၊ တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့၊ တောပုံးကြီးအဖွဲ့၊ တောင်ပံနီအဖွဲ့၊ တိုင်းပကဖလုံခြုံရေးအဖွဲ့နဲ့ ဒရုန်းအဖွဲ့တို့ ပူးပေါင်းပါဝင်ဖွဲ့စည်ထားတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013