မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ သက္ကောကျေးရွာ၊ ဘုရားသုံးဆူလမ်းဝရှိ ရေး-သံဖြူဇရပ် ကားလမ်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မတ် ၂၈ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကားသမားတဦးက “အဲဒီစစ်ဆေးရေးဂိတ်မှာ တိုက်ပွဲဖြစ်နေတဲ့အချိန် ရေး-သံဖြူဇရပ် ကားလမ်းက ခရီးသွားယာဥ်ကားတွေ ပိတ်မိသွားတယ်။ ညနေအထိ ကားတွေက မသွားရတော့ တချို့ကားတွေက သံဖြူဇရပ်မြို့ကနေ လှည့်ပြန်ကြသလို ပုံမှန်ခရီးရောက်ချိန်ထက် ၂ နာရီကျော်လောက် နောက်ကျမှ ကားပြန်ရောက်ကြတယ်” လို့ ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ် အင်အား ၃၀ ကျော်ရှိပြီး လုံခြုံရေး တင်းကျပ် အစစ်ဆေးများတဲ့ ဂိတ်တခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “နှစ်ဖက်တိုက်ပွဲ အပြန်အလှန်ပစ်တာက ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့တာပါ။ ပြီးမှ သံဖြူဇရပ်အခြေစိုက် စစ်ကောင်စီအဖွဲ့ဘက်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်လာပေမဲ့ လူထိခိုက်မှုတော့ မရှိဘူး၊ နေအိမ်တလုံးပဲ ထိခိုက်ပျက်စီးခဲ့တယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဒရုန်းဗုံးတွေ အပါအဝင် လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သုံးဦးထက်မနည်း ဒဏ်ရာရခဲ့ကာ တော်လှန်ရေးအင်အားစုဘက်က အထိအခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။
အဲဒီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံနေရတာ လေးကြိမ်ထက်မနည်း ရှိပြီဖြစ်ပြီး အခုထိတွေ့တိုက်ပွဲ အတွင်းမှာလည်း စစ်ကောင်စီဘက်က ညနေအထိ လက်နက်ကြီးပစ်ကူ ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။