ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ရှိ မွေတော်ဘုရားကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ထိခိုက်ပျက်စီးသွားတယ်လို့ မြို့ခံတွေပြောပြချက်အရ သိရပါတယ်။
မတ် ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဆိုက်ခေါင်ကျေးရွာကနေ လက်နက်ကြီး လှမ်းပစ်လို့ မွေတော်ဘုရား ပျက်စီးသွားရတာဖြစ်တယ်လို့ မြေပြင်မှာရှိတဲ့သူတွေက ဆိုပါတယ်။
ပျက်စီးသွားတဲ့ ဘုရားဝင်းအတွင်းမှာလည်း စစ်ကောင်စီတပ်သားတွေ တပ်စွဲနေထိုင်ခဲ့ပြီး ပစ္စည်းတချို့ကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။
ဆီဆိုင်မြို့ခံ အမျိုးသားတဦးက “ကျောင်းက တော်တော်လေး ပျက်သွားတာ၊ အုတ်တွေပြိုတယ်၊ ပြတင်းပေါက်မှန်တွေလည်း ကွဲတယ်၊ ခေါင်မိုးတွေလည်း လက်နက်ကြီးကျလို့ အထဲထိကို ပျက်သွားတာ။ အရင်လကတောင်မှ ဗမာစစ်သားတွေ နေသေးတယ်၊ အများကြီး။ ဘုရားထဲမှာ အိပ်စားနေတာ ၅၀ ကျော်လောက်ရှိတယ်။ ဘုရားထဲမှာ အရက်သောက်၊ ဆေးလိပ်သောက်၊ ထမင်းစား အဲ့မှာပဲ အညစ်ကြေးစွန့်ခဲ့တာ။ ပြန်ထွက်သွားတော့ ပစ္စည်းတွေလည်းမသိမ်းဘူး၊ ဘုရားအလှူငွေကိုလည်း မှန်ခွဲပြီးယူသွားတယ်” လို့ ပြောပါတယ်။
မွေတော်ဘုရားဟာ ဆီဆိုင်မြို့ခံတွေ တန်ဖိုးထားရတဲ့ ဘုန်းကြီးကျောင်းတခု ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ ဘုရားမှာဝင်နားပြီး အဲ့လိုပြန်ပြုမူတာဟာ ဗုဒ္ဓဘာသာကို စော်ကားသလို ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ဆီဆိုင်မြို့အတွင်းမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ ဇဝနာရာမကျောင်း၊ ရွှေဟင်္သာဘုရား၊ မွေတော်ဘုရား၊ မြို့လယ်ဓမ္မာရုံ၊ ဟိုခဲကျောင်း၊ လွယ်ထွယ်ဘုန်းကြီးကျောင်း၊ ကောင်းမူဗွာ၊ ပုံးအယ် စတဲ့ ကျေးရွာဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။